ပျော်ဘွယ်မြို့နယ်၌ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ပျော်ဘွယ် ဒီဇင်ဘာ ၃၁

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ဒီဇင်ဘာလ ၃၁ ရက်က ပျော်ဘွယ်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် အမှတ်(၁)ဈေးရှိပြည်သူများအား ဖြန့်ဝေပေးခဲ့ကြသည်။

(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ပြောကြားခဲ့သည့်မိန့်ခွန်းကောက်နှုတ်ချက်၊ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းအကျဉ်း၊ ကဗျာ၊ ကာတွန်း၊ ဓာတ်ပုံမှတ်တမ်း စသည်တို့ပါဝင်ကြသည်။

ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်များ၊ မိဘပြည်သူများအနေဖြင့် မိမိတို့နိုင်ငံ၏ နေ့ထူးနေ့မြတ်တို့ကို အစဉ်အမြဲအမှတ်ရစေရန်နှင့် အဆိုပါနေ့ရက်များဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို ပိုမိုလေ့လာသိရှိကြစေရန်ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစောင်ရေ ၅၀၀ ကို ဖြန့်ဝေပေးခြင်းဖြစ်ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)