တံတားဦး ဒီဇင်ဘာ ၃၁
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ ဒုတိယအကြိမ်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၃၁ ရက်က တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ်ရှိ မြို့နယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဦးအောင်ချမ်းငြိမ်းက အမှာစကားပြောကြားရာတွင် မဲဆန္ဒ ရှင်ပြည်သူများ မဲပေးရမည့်အခွင့်အရေး မဆုံးရှုံးစေရန် လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲအနှစ်သာရပေါ်လွင်စေရန် လိုအပ်သည့်စီအမံများ ကြိုတင်စီမံဆောင်ရွက်ထားရှိရေး၊ ဒါ့အပြင် သက်ဆိုင်ရာရပ်ကွက်/ကျေးရွာများအလိုက် ဖွင့်လှစ်ထားရှိမည့် မဲရုံများ စနစ်တကျပြင်ဆင်ထားရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် မဲစာရင်းအမှတ်စဉ်များကို ကြိုတင်ဖြန့်ဝေထားရှိရေးတို့ကို အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းသို့တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများက ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး ကြိုတင်ပြင်ထားရှိမှုများအား တင်ပြဆွေးနွေးကြပြီး အစည်းအဝေးတက်ရောက်လာသူများက ကြုံတွေ့ရမည့်အခက်အခဲများကို တင်ပြဆွေးနွေးကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ရဲတင့်(ပြန်/ဆက်)