ချမ်းအေးသာစံမြို့နယ်၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကျင်းပ

ချမ်းအေးသာစံ ဒီဇင်ဘာ ၃၁

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် အသိပညာဗဟုသုတများ တိုးပွားစေရန် စွမ်းရည်မြှင့်တင်ပြိုင်ပွဲများ ကျင်းပဆောင်ရွက်လျက်ရှိရာ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ် အမှတ် (၁၄)အခြေခံပညာအထက်တန်းကျောင်း၌ ဒီဇင်ဘာ ၃၀ ရက်က ကျင်းပခဲ့သည်။

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်နေ့တွင် ကျရောက်မည့်(၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်ဝါဝါကျော်ဦးဆောင်ကာ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စာစီစာကုံးပြိုင်ပွဲကို ချမ်းအေးသာစံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကိုယ်ပိုင်ကျောင်းများနှင့် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၂ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၃ ဦးတို့ ဝင်ရောက်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်စုံညီပွဲတော်အခမ်းအနားတွင် ဆုများအား ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ရုံးထံမှ သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)