မြောက်ဥက္ကလာပ ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ ပြင်ပစာပေဗဟုသုတများ ဖတ်ရှုပြီး အသိပညာဗဟုသုတတိုးပွားစေရေးရည်ရွယ်ကာ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲဂိမ်းကစားနည်း ပြိုင်ပွဲများကို ယမန်နေ့ နံနက် ၁၀ နာရီ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ (ကိုယ်စား) ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်စိုးမိုးဟိန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် အသိပညာပေးဟောပြောပွဲနှင့် ပြပွဲ၊ပြိုင်ပွဲများ ကျင်းပပြုလုပ်ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် စာဖတ်ခြင်းအကျိုးကျေးဇူးများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ (ည) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသန်းမြင့်က ကျေးဇူးတင်စကားပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးသိန်းဝင်းဇော်က "စာပေအကြောင်းသိကောင်းစရာ" ခေါင်းစဉ်ဖြင့် အသိပညာဗဟုသုတများအား အကျယ်တ၀င့် ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲများကို ကျင်းပပြုလုပ်ရာ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ လေးများက ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပြီး အနိုင်ရရှိသူများကို တာ၀န်ရှိသူများက ဂုဏ်ပြုဆုနှင့် အမှတ်တရလက်ဆောင်များချီးမြှင့် ပေးအပ်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ် ဗီနိုင်း၊ ပိုစတာများ၊ သုတရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)