ပုဇွန်တောင်မြို့နယ်တွင် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း‌ဆွေးနွေးပွဲအခမ်းအနား ကျင်းပ

ပုဇွန်တောင် ဒီဇင်ဘာ ၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်တွင် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်မည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရှင်းလင်း‌ဆွေးနွေးပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီ၌ အမှတ် (၂) ရပ်ကွက်ရှိ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံး၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်က အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးမှ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးမြဦးက တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်မည့်ကိစ္စရပ်များနှင့် ပြေစာတံဆိပ်ကပ်နှိပ်ခြင်းဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း ရှင်းလင်းဆွေးနွေးပြောကြားပြီး အခွန်ထမ်းပြည်သူများမှ သိရှိလိုသည်များ မေးမြန်းကြရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းပြောကြားသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့၀င်များ၊ ဌာနဆိုင်ရာတာ၀န်ရှိသူများ၊ မြို့နယ်အခွန်ဦးစီးဌာနမှူးနှင့် ၀န်ထမ်းများ၊ အခွန်ထမ်းပြည်သူ (၃၅) ဦးတို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်