ထန်းတပင် ဒီဇင်ဘာ ၃၁
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား မီးခိုးမြူငွေ့ညစ်ညမ်းမှုဆက်စပ်ပုံနှင့် လေထုညစ်ညမ်းမှုကြောင့် လူသားတို့၏ လူမှုစီးပွားဘဝများ ထိခိုက်နိုင်မှုများကို သိရှိနားလည်စေရန်ရည်ရွယ်၍ "သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေး" ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့၊ မွန်းလွဲပိုင်းက လမုတန်းလေးကျေးရွာရှိ ရပ်မိရပ်ဖ ဦးလှမြင့်နေအိမ်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာန မြို့နယ်ဦးစီးဌာနမှူး ဦးနိုင်လင်းထွန်းက သစ်တောသစ်ပင်များအကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအကြောင်း သစ်တောများ ကပေးစွမ်းနိုင်သည့် ဂေဟစနစ်ဆိုင်ရာအကျိုးကျေးဇူးများ၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးတွင် သစ်တောများ၏ အရေးပါမှု၊ အကျိုးကျေးဇူးများနှင့် မီးခိုးမြူငွေ့လျော့ချရေးအတွက် Fire Hotspotsများ လျော့နည်းကျဆင်းအောင် တောမီးရှို့ခြင်း၊ လယ်ယာများ မီးရှို့ခြင်းများ မပြုလုပ်ရန်၊ မီးခိုးမြူငွေ့ညစ်ညမ်းမှုထိန်းချုပ်ရေး ဆောင်ရွက်နေမှုအခြေအနေများ၊ သစ်တောများ ထိန်းသိန်းရေးအကြောင်းနှင့် သစ်တောမှပေးစွမ်းနိုင်သော အကျိုးကျေးဇူးများအကြောင်းတို့ကို တက်ရောက်လာကြသည့် ကျေးရွာနေပြည်များကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာနေပြည်သူများက မိမိတို့ သိရှိလိုသည်များကို မေးမြန်းခဲ့ကြရာ မြို့နယ်ဦးစီးဌာနမှူးက ပြန်လည်၍ ရှင်းလင်းပြောကြားခဲ့ပြီး ဟောပြောပွဲသို့ တက်ရောက်လာကြသည် ကျေးရွာနေပြည်သူများကိုလည်း မြို့နယ်သစ်တောဦးစီးဌာန ဝန်ထမ်းများက အသိပညာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်