ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် မအူပင်တက္ကသိုလ် မောင်မယ်သစ်လွင်ကြိုဆိုပွဲ တက်ရောက်

မအူပင် ဇန်နဝါရီ ၁

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ မအူပင်တက္ကသိုလ်၌ ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (၂၀၂၅ - အောင်) မောင်မယ်သစ်လွင်ကြိုဆိုပွဲအား ဒီဇင်ဘာ (၃၀)ရက်နေ့နံနက် (၁၀)နာရီက မအူပင်တက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မအူပင်တက္ကသိုလ် ဘာသာရပ်ပေါင်းစုံ ကျောင်းသား၊ ကျောင်းသူလေးများက “ဧရာဝတီရဲ့အလှပန်း တို့တက္ကသိုလ်ရိပ်နန်း” သီချင်းဖြင့်လည်းကောင်း၊ “စည်းလုံးခြင်းသည်အင်အား” သီချင်းဖြင့်လည်းကောင်း သီဆိုကပြဖျော်ခဲ့ကြသည်။ ယင်းနောက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးတို့က ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် မောင်မယ်သစ်လွင်များအား ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ထူးချွန်ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပေးအပ်သည်။ ဆက်လက်၍ (၂၆)ကြိမ်မြောက်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ (ဗဟိုအဆင့်) ဂီတာအတီးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့သော မောင်လှထွန်းခိုင်ဦးမှ ဖျော်ဖြေပြီး အရှေ့တိုင်းပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာသီတာထွန်းမှ ဝိဇ္ဇာဘာသာရပ်များအားလည်းကောင်း၊ သတ္တဗေဒဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာစန်းစန်းရီမှ သိပ္ပံဘာသာရပ်များအားလည်းကောင်း မိတ်ဆက်ပြောကြားခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြသထားသည့် ဘာသာရပ်ပြခန်းများအား လှည့်လည်ကြည့်ရှု့ အားပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မအူပင်တက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီး ဒေါက်တာနီနီဦးနှင့် ဒုတိယပါမောက္ခချုပ်ဆရာကြီး၊ ဆရာမကြီးများ၊   ဌာနအသီးသီးမှ ပါမောက္ခ (ဌာနမှူး)နှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)