တာချီလိတ် ဇန်နဝါရီ ၁
လာမည့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အား ဂုဏ်ပြုသောအားဖြင့် အခြေခံမူလတန်းကလေးများ၏ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၃)နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ကလေးစာဖတ်ခန်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ကျင်းပပြုလုပ်ရာတွင် တာချီလိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပခြင်းဖြစ်ပြီး ကလေးငယ်များ စွမ်းရည်သွက်လက် ညဏ်ရည်ထက်မြတ်စေရန် ရည်ရွယ်၍ အ.ထ.က(တာချီလိတ်)မှ မူလတန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၅)ဦးမှ အရုပ်ဆက်ခြင်း၊ ဆေးရောင်ခြယ်ခြင်း၊ ကဗျာရွတ်ဆိုပြိုင်ခြင်းများ ပျော်ရွှင်စွာ ပါဝင်ယှဥ်ပြိုင်ကစားခဲ့ကြသည်။
ယင်းနောက် ဂိမ်းကစားခြင်း၊ ပူဖောင်းဖောက်ခြင်းများ ဆက်လက်ကစားခဲ့ကြပြီး ပြိုင်ပွဲများအပြီး ပါဝင်ယှဥ်ပြိုင်ခဲ့ကြသည့် ကျောင်းသား/ကျောင်းသူလေးများအား ဗလာစာအုပ်နှင့် ခဲတံများ အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ကြောင်း သိရသည်။
အေးအေးလတ်