တွံတေး ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ကံရွာကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သော အိုင်ကြီးကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာ၌ ကျင်းပခဲ့သည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်လင်းသန်းက တွံတေးမြို့နယ် ကံရွာကျေးရွာအုပ်စု၊ အိုင်ကြီးကျေးရွာတွင်း ကွန်ကရစ်လမ်းသစ်နှင့်ပတ်သက်၍ ပြောကြားရာတွင် ယခုကွန်ကရစ်လမ်းသစ် ဖွင့်လှစ်နိုင်သည့်အတွက် အိုင်ကြီးကျေးရွာအတွက် အဓိကအကျိုးပြုသည့်အပြင် အဆိုပါကျေးရွာနှင့် နီးစပ်သော မြက်နီးကုန်း၊ ဗျောက်ရိုးကျေးရွာများမှ တောင်သူများ၏ စိုက်ပျိုးမြေများနှင့် ထိစပ်လျက်ရှိသဖြင့် ကျေးရွာ (၃) ရွာမှ အိမ်ထောင်စု (၅၈၇) ၊ လူဦးရေ (၂၃၇၀) ဦးမှ စိုက်ပျိုးသောအကျိုးပြုဧက (၁၅၀၀) ကျော်အတွက် ရာသီမရွေးသွားလာအသုံးပြုနိုင်သည့်လမ်းဖြစ်၍ ကျေးရွာ (၃) ရွာ ကုန်ထုတ်လမ်းသဖွယ် အသုံးပြုသည့်လမ်းဖြစ်လာကြောင်း၊ ရွာတွင်းလမ်းအပြင် ကုန်ထုတ်လမ်းသဖွယ် အသုံးပြုနိုင်သည့်အတွက် လူမှုစီးပွားဘဝမြင့်မားလာနိုင်သဖြင့် လမ်းရေရှည်တည်တံ့ခိုင်မြဲအောင် ကျေးရွာကော်မတီများ၊ ကျေးရွာသူ၊ကျေးရွာသားများက ဝိုင်းဝန်းထိန်းသိမ်းသွားကြရန် ပြောကြားခဲ့သည်။
ဆက်လက်၍ ကျေးရွာရပ်မိရပ်ဖများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းတန်က ကျေးဇူးတင်စကား ပြောကြားခဲ့သည်။
ထို့နောက် အိုင်ကြီးကွန်ကရစ်လမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန်နွယ်၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးသိန်းတန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်၊ မြို့နယ်များမှ ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်လာကြသော ကျေးရွာသူ၊ ကျေးရွာသားများ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ဝန်ကြီးချုပ်ဦးစိုးသိန်းက ကရင်ဒုံးယိမ်းအဖွဲ့၊ အ.ထ.က (၁) တွံတေး ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးအပ်ခဲ့ပြီး ဒေသခံပြည်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ ကွန်ကရစ်လမ်းသစ်ကို ၂၀၂၅- ၂၀၂၆ ခုနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေခွင့်ပြုငွေကျပ် (၂၂၈.၁၃၀) သန်းဖြင့် (၀/၄.၀၉မိုင်) ယင်းလမ်းပေါ်တွင် Slap Culvert (၂) စင်း ပါဝင်ကြောင်း သိရသည်။ ကျေးရွာအုပ်စု (၃) ရွာ၊ အိမ်ခြေ (၅၈၇) လူဦးရေ (၂၃၇၀) ဦးနှင့်လယ်ယာထုတ်ကုန်များကို အထောက်အကူပြုသည့်အပြင် ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များ အဆင်ပြေချောမွေ့သွားကြောင်း သိရသည်။
မျိုးလှိုင်(တွံတေး)