တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်မဲဆန္ဒရှင်အမည်စာရင်းများကို သြဂုတ်လ ၇ ရက်နေ့မတိုင်မီထိ လာရောက်ကြည့်ရှုကြ

ကရသူရိ သြဂုတ် ၅

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အသက် (၁၈) နှစ်ပြည့်ပြီးသူများ မဲဆန္ဒရှင်အမည်စာရင်းများကို သြဂုတ်လ ၇ ရက်နေ့မတိုင်မီထိ လာရောက်ကြည့်ရှု၍ရကြောင်း သိရသည်။

၂၀၂၀ ပြည့်နှစ်၊ နိုင်ဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအမည်စာရင်းများကို ဇူလိုင်လ (၂၅) ရက်နေ့မှ သြဂုတ်လ (၇) ရက်နေ့ထိ (၁၄) ရက်ကြာ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများနှင့် ကျေးရွာများတွင် ကပ်ထားကြေညာလျက်ရှိရာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများက မဲဆန္ဒရှင်အမည်စာရင်းများကို ယနေ့ထိလာရောက်ကြည့်ရှုစစ်ဆေးကြပြီး လိုအပ်ပါက ပုံစံ (၃) ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန်တောင်းဆိုခြင်း၊ မပါဝင်သင့်သူများပါဝင်နေပါက ပုံစံ (၄) ဖြင့်ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄−ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ဘုတ်ပြင်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးထွန်းလွင်က ပြောသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် မဲဆန္ဒရှင်စာရင်းများကို ပထမအကြိမ်အဖြစ် ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၇ ရက်နေ့ထိ ကပ်ထားကြောညာမည်ဖြစ်ပြီး မဲဆန္ဒရှင်များ၏ တင်သွင်းလွှာများအရ သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေပါ ပြဌာန်းချက်များနှင့်အညီ ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ ပြင်ဆင်ခြင်းတို့ဆောင်ရွက်ပြီးပါက ၎င်းမဲဆန္ဒရှင်စာရင်းကို ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလတွင် (၁၄) ရက်ကြာ ထပ်မံကပ်ထားကြေညာမည်ဖြစ်ကြာင်း ကရသူရိမြို့တွင် ရပ်ကွက် (၃) ရပ်ကွက်၊ ကျေးရွာအုပ်စု (၃) အုပ်စုနှင့် အိမ်ထောင်စုပေါင်း (၄၂၉၄) စုရှိပြီး မဲရုံပေါင်း (၂၉) ရုံဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့်လူဦးရေ (၁၂၀၀၁) ဦးရှိကြောင်း သိရသည်။

စိုးဝင်း(ပြန်/ဆက်)