ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဖူဆယ်ဖလားနှင့် အားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနား ကျင်းပ

ဒဂုံဆိပ်ကမ်း ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ကျရောက်မည့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အမှတ် (၉၄) ရပ်ကွက် အိမ်ရာစီမံခန့်ခွဲရေးကော်မတီနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှ ဦးစီးကျင်းပသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ပျော်ပွဲရွှင်ပွဲအထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ၊ ထုပ်ဆီးတိုးပြိုင်ပွဲနှင့် အခြားအားကစားပြိုင်ပွဲများ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၉၄) ရပ်ကွက်၊ ဖူဆယ်ဘောလုံးကွင်းတွင် ကျင်းပသည်။

အခမ်းအနားတွင် မြိုနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးဖြိုးသူမောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး အဖွဲဝင် ဦးကျော်မိုးကြည်က မုဒိတာစကားပြောကြားခဲ့သည်။

ဆက်လက်၍ အမှတ် (၉၄) ရပ်ကွက် အိမ်ရာစီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဇင်က ပြိုင်ပွဲများကျင်းပရခြင်းရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ပြိုင်ပွဲဝင်အားကစားသမားများက အားကစားသစ္စာအဓိဌာန် ရွတ်ဆိုခဲ့ကြသည်။

အခမ်းအနားအပြီးတွင် လူငယ်အလွတ်တန်းဘောလုံးပြိုင်ပွဲတွင် Shwe LuckyFC အသင်းနှင့် DGSKN FC အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ၇၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများတွင် ဖူဆယ်အလွတ်တန်းအတွက် အသင်း ၁၆ သင်း၊ ၁၂ နှစ်အောက်ဖူဆယ် ၆ သင်း၊ ထုပ်ဆီးတိုးအသင်း ၅ သင်း တို့ ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြိုးစန္ဒာ(ပြန်/ဆက်)