ရန်ကုန် ဇန်နဝါရီ ၂
ရန်ကုန်မြို့ရှိ ပြည်သူ့ရင်ပြင်ပန်းခြံ၌ ကျင်းပသော MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲ ပထမနေ့တွင် ပြည်သူများသည် မိသားစုအဖွဲ့လိုက်၊ မိတ်ဆွေသူငယ်ချင်းအဖွဲ့လိုက် လာရောက် လည်ပတ်ကြပြီး ဈေးရောင်းပွဲတော်နှင့်ဂီတပွဲတော်ကို ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲကြသည်။
ပြည်သူ့ရင်ပြင်ပန်းခြံအတွင်းရှိ စျေးတန်းများတွင် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီးအလှရောင်စုံများ၊ မြန်မာ့အစားအစာမျိုးစုံနှင့် လက်ဆောင်ပစ္စည်းများ ရောင်းချသည့် ဆိုင်ခန်းပေါင်း (၃၄၆) ခန်းကျော် ခင်းကျင်းပြသထားပြီး ဈေးသွားသူများအတွက် အနံ့အရသာနှင့် ပျော်ရွှင်ဖွယ်အတွေ့အကြုံများကို တစ်ပြိုင်နက်တည်း ခံစားစေရသည်။ ညပိုင်းတွင် မီးအလှတန်းများတောက်ပနေပြီး ဂီတဖျော်ဖြေမှုများကြောင့် ပြည်သူ့ရင်ပြင်အတွင်း ပြည်သူများ၏ အားပေးသံများဖြင့် အထူးစည်ကားနေသည်။
ထို့အပြင် နာမည်ကျော်အနုပညာရှင်များမှ တေးသီချင်းများဖြင့် ဖျော်ဖြေခဲ့ကြပြီး လူငယ်များနှင့် မိသားစုများအတွက် အလှပန်းခင်းများ၊ အလှမီးများနှင့်အလှဆင်ပြသထားပြီး ပြည်သူများ၏ ပျော်ရွှင်သံများနှင့်အတူ MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတော်သည် အထူးစည်ကားလျက်ရှိပြီး ပွဲတော်သို့ လာရောက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် မော်တော်ယာဉ်လိုင်းများလည်း အခမဲ့အသွားအပြန်ပို့ဆောင်ပေးထားကာ ပွဲတော်ကိုလည်း ၄ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
နေလင်း(ပြန်/ဆက်)