ညောင်ဦး ဇန်နဝါရီ ၂
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ အာနန္ဒာဘုရားကြီး၏ (၉၃၅) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကို ယနေ့နံနက် ၇ နာရီအချိန်က ပင့်သံဃာ ၃၂၀ ပါးတို့အား ဆွမ်းသပိတ်လောင်းလှူခြင်းများဖြင့် ဗုဒ္ဓပူဇနိယပွဲတော်အား ကျင်းပခဲ့ကြောင်း သိရသည်။
ဗုဒ္ဓပူဇနိယပွဲတော်အား တမောတဿ (၃) ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ပြီး နိုင်ငံတော်ဩဝါဒါစရိယ၊မြစ်ကြည့်တိုက်၊ရုပ်စုံကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ အရှင်သူမြတ်ထံက (၉) ပါးသီလခံယူဆောက်တည်ကြကာ ဆရာတော်အရှင်မြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ခရိုင်ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကောမတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်၊ ဂေါပကအဖွဲ့ဝင်များ၊ မြန်မာပြည်အရပ်ရပ် အလှူရှင်များက လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ ညောင်ဦးမြို့နယ် သံဃာနာယကအဖွဲ့ဥက္ကဋ္ဌ ဂန္ထဝါစကပဏ္ဍိတ၊ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပဏ္ဍိတအရှင်သူမြတ်ထံက အနုမောဒနာတရားခံယူ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေးကြသည်။ ပြီးနောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဂေါပကအဖွဲ့ဝင်များ၊ မြန်မာပြည်အရပ်ရပ်မှ ဆွမ်းသပိတ်လုံးအလှူရှင်များက သံဃာတော်အရှင်သူမြတ် (၃၂၀) ပါးတို့အား ဆွမ်းသပိတ်လုံးများ လောင်းလှူကြသည်။
အာနန္ဒာဘုရားကြီးသည် ကျန်စစ်သားမင်းကြီး တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး နှစ်စဉ် အစဉ်အလာမပျက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိခဲ့ကာ ဆယ့်နှစ်ပွဲ ဈေးသည်များ စုံလင်စွာ လာရောက်ရောင်းချခြင်း၊ဒေသခံဈေးသည်များမှ ဒေသထွက် ယွန်းထည်ပစ္စည်းများ ရောင်းချခြင်းနှင့် ဈေးရောင်းဈေးဝယ် အလွန်စည်ကားသော ဘုရားပွဲတော်ဖြစ်သည်။ တစ်လကျော်ကြာအောင် ကျင်းပသည့်ပွဲတော်ဖြစ်ပြီး ယခုနှစ်တွင် အစဉ်အလာမပျက် မြန်မာပြည်အရပ်ရပ်မှလှူဒါန်းထားရှိသည့် ဆွမ်းသပိတ်လုံး ၂၂၀၀ ကျော်တို့အား လောင်းလှူပူဇော်ခဲ့ကြောင်းသိရသည်။အာနန္ဒာမြတ်စွာဘုရားကြီး၏ ၉၃၅ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်သို့ မြန်မာပြည်အရပ်ရပ်မှ ပြည်တွင်းဘုရားဖူးများ၊ ပြည်ပနိုင်ငံသားများ လာရောက်သူများပြားလျက်ရှိပြီး ဘုရားပရဝဏ်အတွင်း ပြည့်ကျပ်လျက်ရှိကြောင်း သိရသည်။
ဒီပါလင်း