မောက်မယ် ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ ကွန်ကျိုင်းရပ်ကွက်၊ အခြေခံ ပညာမူလတန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ပညာရေးစုံညီပွဲတော် အခမ်းအနားကို ဇန်နဝါရီ ၂ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ မြို့နယ်ပညာရေးဌာနမှဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းသားမိဘများ တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ ကွန်ကျိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းကျော်ဟိန်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အခြေခံပညာမူလတန်းကျောင်း(ကွန်ကျိုင်း) ကျောင်းအုပ်ဆရာကြီး ဦးစိုင်းအောင်ထွေးက ကျောင်းသား/ကျောင်းသူများအနေဖြင့် ကျောင်းပညာရေးသာမက အခြားဘက်စုံထူးချွန်ရေးတို့အတွက် မိဘ/ဆရာ/ ကျောင်းသားတို့မှ ဆက်လက်ကြိုးစားဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ မိမိကျောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များ၊ ကျောင်းသား/ကျောင်းသူများဘက်စုံပညာထူးချွန်ရေးတို့အတွက် မိမိတို့ကျောင်းရှိဆရာ/ဆရာမများ၊ ကျောင်းသားမိဘများမှ ပူးပေါင်းဆောင်ရွက်ရေး ရှင်းလင်းဆွေးနွေး ပြောကြားခဲ့ပြီး KGနှင့် မူလတန်းဆင့်ပြီးမြောက်ကြောင်း လက်မှတ်များကို မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က ချီးမြှင့်ပေးအပ်၍ ကာယ၊ ဉာဏ ထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ကျောင်းသူလေးများက တေးသရုပ်ဖော်တိုင်းရင်းသားရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)