ဟင်္သာတ ဇန်နဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် စံပြမိခင်နှင့်ကလေးပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ပန်းဘဲတန်းရပ်ကွက်ရှိ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပြိုင်ပွဲတွင် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါက်တာနေခြည်ထက်ထက်လင်းအောင်က စံပြမိခင်နှင့်ကလေးပြိုင်ပွဲ၏ စည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲများကို ယှဉ်ပြိုင်ကြသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားတွင် ဟင်္သာတခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်သက်သက်ဦးက အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် မွေးစမှ အသက် ၆ လအထိ ကလေးပြိုင်ပွဲတွင် ဆုရရှိသူများကို ဆုများချီးမြှင့်ခဲ့သည်။
ထို့နောက် မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်ခိုင်ခိုင်လွင်က အသက် ၆ လမှ ၂ နှစ်အထိ ကလေးပြိုင်ပွဲတွင် ဆုရရှိသူများကိုလည်းကောင်း၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ နေခြည်ထက်ထက် လင်းအောင်က စံပြမိခင်ဆု ရရှိသူများကိုလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီး ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ခဲ့ကြကြောင်းသိရသည်။
အဆိုပါ အခမ်းအနားတွင် ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ပြိုင်ပွဲဝင်မိခင်နှင့် ကလေးများအား အမှတ်တရလက်ဆောင်ပစ္စည်းများ၊ အားဖြည့်အစားအစာများ၊ ဆေးဝါးများ ပေးအပ်ခဲ့ကြပြီး ပြိုင်ပွဲသို့ မြို့နယ်အတွင်းမှ မိခင်နှင့်ကလေး (၈၅) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်ဆက်(ဟင်္သာတ)