မိုင်းပျဥ်း ဇန်နဝါရီ ၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဥ်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၂) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ (၂) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဗျုဟာမှူး ဗိုလ်မှူးကြီး ပြည်သူလတ်က ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ရွေးကောက်ပွဲ အပိုင်း(၂) ကျင်းပမည့်အခြေအနေများ၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ကျင်းပသည့်နေ့တွင် သက်ဆိုင်ရာများမှ မိမိတို့တာဝန်ကျရာကဏ္ဍအလိုက် တာဝန်ကျေပွန်စွာ ဆောင်ရွက်ပေးကြရန်၊ သတင်းမှတ်တမ်းများ စနစ်တကျရယူနိုင်ရေးနှင့် အချိန်နှင့်တပြေးညီ ပေးပို့နိုင်ရေးဆောင်ရွက်ရန်၊ မဲစာရင်းတွင်ပါရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး စိတ်အေးချမ်းသာစွာဖြင့် လျင်မြန်စွာမဲပေးနိုင်ပေးရေး ပူးပေါင်းဆောင်ရွက်ပေးကြရန် စသဖြင့် ပြောကြားသည်။ ထို့နောက် မိုင်းပျဉ်းတပ်နယ်မှူးနှင့် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌတို့က ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ထားရှိမှုအခြေအနေများနှင့် သက်ဆိုင်ရာအလိုက် တာဝန်ခွဲဝေထားရှိမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြသည်။ ၎င်းနောက် တက်ရောက်လာကြသူများမှ မရှင်းလင်းသည်များ မေးမြန်းကြရာ တာဝန်ရှိပုဂ္ဂိုလ်များမှ ပြန်လည်ဖြေကြားခြင်းဖြင့် အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ စစ်ဗျူဟာမှူး၊ တပ်နယ်မှူးနှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ဝင်များနှင့် မြို့နယ်ပြည်သူ့စစ်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်း၊ သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)