ထန်းတပင်(ရန်ကုန်) ဇန်နဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ ထန်းတပင်မြို့နယ် မီးသတ်ဦးစီးဌာနမှ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း (၂) ကျင်းပပြုလုပ်ရာတွင် မဲရုံအသီးသီးတို့၌ တာဝန်ထမ်းဆောင်ကြမည့်ဆရာ၊ ဆရာမများအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာများ တိုးပွားလာစေရန်ရည်ရွယ်၍ မီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများကို ယနေ့နံနက်ပိုင်းက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးရှေ့တွင် လက်တွေ့ပြသပေးခဲ့ကြသည်။
အသိပညာပေးရာတွင်လည်း မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးမင်းအောင်က မီးလောင်မှုဖြစ်ပွားရသည့်အခြေခံအချက်များ၊ မီးလောင်မှုအမျိုးအစားများ၊ မီးအတန်းအစားများ နှင့်မီးငြှိမ်းသတ်နည်းများကို မဲရုံအသီးသီးတို့တွင်တာဝန်ထမ်းဆောင်ကြမည့် ဆရာ၊ ဆရာမများကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြသည်။
ဆက်လက်၍ဒုတိယမီးသတ်ဦးစီးမှူး ဦးမျိုးနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဆရာ၊ ဆရာမများအားမီးသတ်ဆေးဘူးအသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်နည်းများကိုလက်တွေ့ငြှိမ်းသတ်ပြသခဲ့ကြကြောင်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)