မက်မန်း ဇန်နဝါရီ ၂
ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့အပိုင်း (၃) တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ရာနှုန်းပြည့်မဲပေးနိုင်ရေး” ကိစ္စနှင့်စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က မက်မန်းခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်းရေးမှူး ဦးကျော်မြင့်လှိုင်က အဖွင့်အမှာစကားပြောကြားပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီလွင် က အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းလင်းအောင်က ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးပြောကြားခဲ့ကာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အရာရှိ ဦးပြည့်ဖြိုးအောင်က ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့်စပ်လျဉ်း၍ ဆောင်ရွက်ချက်များကိုတင်ပြခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းဦးစီးအဖွဲ့ အတွင်းရေးမှူး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများ၊ မဲရုံမှူး၊ ဒုမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြကြောင်းသိရှိရပါသည်။
မက်မန်းမြို့နယ်တွင် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာအုပ်စု(၁၁)အုပ်စု၊ ကျေးရွာ(၉၇)ရွာရှိ မဲဆန္ဒရှင်စာရင်းမှာ (၈၅၂၀) ဦးရှိပြီး မဲရုံပေါင်း (၃၃) ရုံဖြင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့၊ တတိယပိုင်း(အပိုင်း-၃)တွင် ကျင်းပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)