လှိုင်မြို့နယ် စာရေးဆရာအသင်းက စီစဉ်ကျင်းပသော အမေများနေ့ အခမ်းအနား ကျင်းပ

လှိုင် ဇန်နဝါရီ ၂

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် မြို့နယ်စာရေးဆရာအသင်းက စီစဉ်ကျင်းပသောစတုတ္ထအကြိမ်မြောက် အမေများနေ့ အခမ်းအနားကို ယနေ့နံနက် (၉) နာရီက ဘူတာရုံလမ်း၊ အောင်ချမ်းသာကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် လှိုင်မြို့နယ်စာရေးဆရာအသင်းနာယက ဆရာမြင့်သူရက အဖွင့်အမှာစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ဆရာမနန်းဟင်းပြင်းက အမေများအတွက် ဂုဏ်ပြုတေးထပ်ဖြင့် သီဆိုဖျော်ဖြေ ဂုဏ်ပြုခြင်း၊ ဆရာဦးကျော်လှိုင်က အမေအကြောင်းဂုဏ်ပြုစကားပြောကြားခြင်း၊ ဆရာမကြီး ရွှေကူမေနှင်းက မုဒိတာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် ဆရာကြီး၊ ဆရာမကြီးများက အမေများနေ့အကြောင်း ကဗျာများ၊တေးသီချင်းများဖြင့် ဂုဏ်ပြုသီဆိုခဲ့ကြသည်။

ထို့နောက် ကန်တော့ခံဆရာမကြီး (၅) ဦးအား အမေများကိုယ်စား ကန်တော့ခဲ့ကြပြီး လှိုင်မြို့နယ် စာရေးဆရာအသင်းနာယက ဆရာမင်းဆက်ပိုင်က ကျေးဇူးတင်စကား ပြောကြား၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဇော်ဇော်နိုင်(ပြန်/ဆက်)