ရန်ကုန် ဇန်နဝါရီ ၂
၂၀၂၆ ခုနှစ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် တေးဂီတဖျော်ဖြေဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများနှင့် အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ UMFCCIနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူများ၊ စက်မှုဇုန်အသီးသီးမှ တာဝန်ရှိသူများ၊ စက်မှုလုပ်ငန်းရှင်များ၊ MSMEလုပ်ငန်းရှင်များ၊ တာဝန်ရှိသူများနှင့် တိုင်းရင်းသား၊ တိုင်းရင်းသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အဖွင့်အမှာစကား ပြောကြားရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်မှုထုတ်ကုန်များ၊ MSME ထုတ်ကုန်များ ပြသရောင်းချပွဲများကို (၂၀၂၂) ခုနှစ်၊ ဒီဇင်ဘာလမှ (၂၀၂၅) ခုနှစ်၊ နိုဝင်ဘာလအထိ ဈေးရောင်းပွဲတော်များကို (၁၇) ကြိမ်တိုင် ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်ပါကြောင်း ရန်ကုန်တိုင်းဒေသကြီးအပြင် ကချင်ပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်ထောင်စုနယ်မြေ (နေပြည် တော်)၊မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးတို့မှလည်း လာရောက်ပါဝင်ပြသရောင်းချခဲ့ကြတဲ့အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်အချင်းချင်းလုပ်ငန်းများလည်း ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME ဈေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲတော်တွင်လည်း MSMEလုပ်ငန်းရှင်များအတွက် နိုင်ငံတော်အစိုးရမှ ဆောင်ရွက်ပေးလျက်ရှိသော အခြေအနေများကို သိရှိနိုင်စေရန်Talk Show အစီအစဉ်များ ပါဝင်ပါကြောင်းနှင့် ကျောင်းသားလူငယ်များ စာဖတ်ရှိန်မြင့်မားစေရေးအတွက် စာအုပ်အရောင်းဆိုင်များနှင့် စားသောက်ဆိုင်ခန်းများလည်း ပါဝင်ပြီး ဆိုင်ခန်းပေါင်း (၃၅၀) ခန်း ကျော်ဖြင့် ဖွင့်လှစ်ရောင်းချသွားမှာဖြစ်ပါကြောင်း၊ ပြည်သူလူထုအနေနဲ့ စိတ်လက်ပေါ့ပါးပျော်ရွှင်စွာဖြင့် နှစ်သစ်ကို ကြိုဆိုပြီးဂီတဖျော်ဖြေမှုကို ကြည့်ရှုခံစားရင်း ထုတ်ကုန်ပစ္စည်းများကို ဈေးနှုန်းချိုသာစွာဝယ်ယူအားပေးနိုင်ရေး၊ ထုတ်လုပ်ပြသရောင်းချသူများအနေဖြင့် တစ်ဦးနှင့်တစ်ဦးမိမိထုတ် ကုန်ပစ္စည်းများကို ကောင်းသောယှဉ်ပြိုင်ဆောင်ရွက်ခြင်းဖြင့် ပြည်တွင်းသုံး ထုတ်ကုန်ပစ္စည်းများမှ ပြည်ပတင်ပို့နိုင်သည့် အမယ်သစ် အရည်အသွေးကောင်းထုတ်ကုန်ပစ္စည်းများဖြစ်ပေါ်စေပြီး MSME လုပ်ငန်းများမှာလည်း ပြည်တွင်း၌ပင် ပိုမိုတိုးတက်ဖွံ့ဖြိုးလာနိုင်စေရေးတို့ကိုပါ ရည်မျှော်ရှေ့ရှုလျက် စီမံဆောင်ရွက်ထားရှိတဲ့ ပွဲတော်ကြီးဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထို့နောက် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် MSME စျေးရောင်းပွဲတော်နှင့် ဂီတဖျော်ဖြေပွဲအားတိုင်းဒေသကြီးအစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီးဦးဗိုလ်ဌေး၊ တိုင်းဒေသကြီးစီပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်နှင့် စက်မှုဇုန်များမှဥက္ကဋ္ဌများက ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ကရင်တိုင်းရင်းသားရိုးရာအကအဖွဲ့၊ ရှမ်းတိုင်းရင်းသားရိုးရာအက၊ ဘင်ခရာအဖွဲ့များ၊ ပန်းပွားအဖွဲ့များက ဖျော်ဖြေတင်ဆက်မှုကို တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည်ရှုအားပေးပြီး ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်တက်ရောက်ကြလာသည် ဧည့်သည်တော်များက ဈေးဆိုင်ခန်းများအား လှည့်လည်ကြည့်ရှုအားပေးကြသည်။
ယနေ့ကျင်းပသည့် ရန်ကုန်တိုင်းဒေသကြီး လွတ်လပ်ရေးနေ့ဈေးရောင်းပွဲတော်နှင့် ဂီတပွဲတော်အား ဇန်နဝါရီလ ၁ ရက်နေ့မှ ၄ ရက်အထိ နေ့စဉ်နံနက် (၈) နာရီမှ ည (၁ဝ) နာရီအထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)