မိုင်းဆတ်မြို့၌ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲကျင်းပ

မိုင်းဆတ် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အခြေခံပညာ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်း ကျောင်း (အထက-ခွဲ၊အလက-၂) သုံးထပ်ကျောင်းဆောင်သစ်ဖွင့်ပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက အဆိုပါကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာနယ်မြေခံတပ်နယ်မှ စစ်ဆင်ရေးကွပ်ကဲရေးမှူး၏ဇနီး၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီထွေး၊ စစ်ဦးစီးမှူး(ပထမတန်း) ဒုတိယဗိုလ်မှူးကြီး သိန်းဇော်၊ ခရိုင်ပညာရေးမှူး ဒေါ်စန်းကြည်ဝင်းနှင့်တာဝန်ရှိသူတို့က သုံးထပ်ကျောင်းဆောင်သစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်၊ ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေကျပ် (၉၅၂.၁၂၈) သန်းဖြင့် ဆောက်လုပ်ထားသည့်အလျား ၁၇၄ ပေ၊ အနံ ၃၂ ပေရှိ RC သုံးထပ်ကျောင်းဆောင်သစ်ကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပညာရည်ချွန်ဆုပေးပွဲကျင်းပရာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးညီညီထွေးနှင့်တာဝန်ရှိသူတို့က အမှာစကားပြောကြားပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးဇာဇာမျိုးက ကျောင်းအခြေအနေများ ရှင်းလင်းတင်ပြသည်။ ယင်းနောက် အလှူရှင်များက ကျောင်းဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေများပေးအပ်ရာ ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူပြီး တာဝန်ရှိသူတို့က သင်ကြားရေးထူးချွန်ဆုနှင့် ကျောင်းတက်မှန်ဆုရ ဆရာ၊ ဆရာမများနှင့် ပညာရည်ချွန်ဆုရကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများ ပေးအပ် ချီးမြှင့်ကာ ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)