လှိုင် ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဒုတိယအပိုင်း(၂)ကို ဇန်နဝါရီလ(၁၁)ရက်နေ့တွင် ကျင်းပဆောင်ရွက်သွားမည်ဖြစ်ရာ ရွေးကောက်ပွဲ၌ ဆန္ဒမဲပေးရာတွင်အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)များ INSTALLATION တပ်ဆင်အသုံးပြုခြင်းများကို ယမန်နေ့ နံနက်(၉)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်အသုံးပြုခြင်း ဆောင်ရွက်ရာသို့ ရန်ကုန်တိုင်းတာဝန်ခံ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးအောင်စောဝင်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်စိုးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက အနီးကပ်ကြပ်မတ်ဆောင်ရွက်ခဲ့ကြပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM-INSTALLATION) တပ်ဆင်အသုံးပြုခြင်းသင်တန်း တက်ရောက်ထားသည့် ဌာနဆိုင်ရာများ၊ ဆရာ/ဆရာမများက မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)တပ်ဆင်ခြင်း၊ လွှတ်တော်အလိုက် မဲပေးစက်အတွင်း SD ကဒ်များ ထည့်သွင်းခြင်း၊ စတေကာတပ်ဆင်ခြင်းများကို နည်းစနစ်တကျ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
လှိုင်မြို့နယ်အတွင်းရှိ ရပ်ကွက်(၁၆)ခု၌ မဲရုံပေါင်း(၆၈)ရုံ ဖွင့်လှစ်ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါမဲရုံများတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များအား INSTALLATION နှင့် ဆက်စပ်ပစ္စည်းများ တပ်ဆင်ခြင်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)