တာချီလိတ်မြို့၌ (၂၈)ကြိမ်‌မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပ

တာချီလိတ် ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၌ (၂၈)ကြိမ်‌မြောက် လားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကို ရိုးရာဓလေ့ထုံးတမ်းအစဉ်အလာများနှင့်အညီ ယမန်နေ့နံနက်ပိုင်းက လွယ်တော်ခမ်းကျေးရွာအုပ်စု၊ ရေပူစမ်းစံပြ‌‌ကျေးရွာတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အလံအားအလေးပြုကြပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူး ဗိုလ်ချုပ် စိုးလှိုင်က နှစ်သစ်မင်္ဂလာ ကြိုဆိုဂုဏ်ပြုအမှာစကားပြောကြားကာ လားဟူတိုင်းရင်းသားများကိုယ်စား ကျေးရွာရပ်မိ၊ ရပ်ဖ ဦးမြင့်ဦးက နှစ်သစ်ကူးပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက် လားဟူတိုင်းရင်းသား မောင်မယ်၊ လူငယ်များက သက်ကြီးဝါကြီးပုဂ္ဂိုလ်များကို ရိုးရာလက်ဆေးမင်္ဂလာခံယူကာ လားဟူတိုင်းရင်းသား မောင်မယ် လူငယ်များက ရိုးရာမြေဝိုင်း အက၊ ခေတ်ပေါ်အဆိုအက၊ ဗူးပလွေမြေဝိုင်း အကများဖြင့် ကပြဖျော်ဖြေကာ နှစ်သစ်ကို ကြိုဆိုခဲ့ကြသည်။

လားဟူတိုင်းရင်းသားများသည် တစ်နှစ်တာ ရာသီကာလအတွင်း ကျင်းပကြသည့် ပွဲတော်များ ထဲမှ ရိုးရာစုပေါင်းနှစ်သစ်ကူးပွဲတော်သည် အထွတ်မြတ်ဆုံးနှင့် အကြီးအကျယ်ဆုံး ပွဲတော်အဖြစ် သတ်မှတ်ထားရှိကြောင်း၊  လားဟူတိုင်းရင်းသားများသည် ၎င်းတို့ဝတ်ဆင်သော ရိုးရာအဝတ် အစား၏အရောင်ကိုအမှီပြု၍ လားဟူအနက်၊ လားဟူအနီ၊ လားဟူအဝါ၊ လားဟူအဖြူနှင့် လားဟူကျိုင်းရှီးဟူ၍ မျိုးနွယ်စု ငါးစုမှ ပေါက်ဖွားကာ ယနေ့အထိ လားဟူမျိုးနွယ်စု ၂၀ ကျော်အထိ ရှိခဲ့ကြောင်း၊ ၎င်းတို့၏ အထိမ်းအမှတ်မှာ ဗူးပလွေဖြစ်ပြီး လားဟူတို့၏ ထင်ရှားသောအကမှာ ကာခေ့ပွဲဟုခေါ်သော မြေဝိုင်းအကဖြစ်ကာ ထင်းရှူးပင်ကိုဝိုင်းပတ်၍ တီးမှုတ်ကာ ကရသောအကတစ်မျိုး ဖြစ်ကြောင်း၊ ထူးခြားသော ရိုးရာယဉ်ကျေးမှုတစ်ခု အနေဖြင့်သက်ကြီးဝါကြီးပုဂ္ဂိုလ်များကို လူငယ်များက ရိုးရာလက်ဆေး မင်္ဂလာခံယူခြင်းဖြစ်သည်။

အဆိုပါလားဟူတိုင်းရင်းသားရိုးရာ စုပေါင်းနှစ်သစ်ကူးပွဲတော်ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ လားဟူတိုင်းရင်းသားယဉ်ကျေးမှုအမွေအနှစ်များဖြစ်သည့် ဘာသာသာသနာ၊ စာပေ၊ ဝတ်စားဆင်ယင်မှုနှင့် ရိုးရာဓလေ့များအား လေးစားဂုဏ်ယူနိုင်စေရန်၊ တိမ်မြှုပ်နေသော ရိုးရာယဉ်ကျေးမှုများအား ပြန်လည်ဖော်ထုတ်နိုင်ရန်နှင့် အနယ်နယ်အရပ်ရပ်တွင် ပျံ့နှံ့နေသော လားဟူတိုင်းရင်းသားများ တစ်နှစ်တစ်ကြိမ် ပြန်လည်ဆုံတွေ့နိုင်ရန် နှစ်သစ်ကူးပွဲတော်ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။

ကျော်ဇေယျာလင်း