သင်္ဃန်းကျွန်း ဇန်နဝါရီ ၃
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်တွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ရောက်ရှိမည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်(အကြို) ဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်းက အဖွင့်အမှာစကားပြောကြားပြီး စာရေးဆရာမပေါက်ပေါက်က လွတ်လပ်ရေး နေ့ဆိုင်ရာ သမိုင်းအကြောင်းအရာများ၊ တိုင်းရင်သားညီအစ်ကိုမောင်နှစ်မများ စည်းလုံး ညီညွတ်ပါမှသာ နိုင်ငံတော်၏လွတ်လပ်ရေး တည်တံ့ခိုင်မြဲမည်ဖြစ်ကြောင်းစသည်ဖြင့် ဟောပြောခဲ့ပါသည်။ ဆက်လက်၍ အ.မ.က(၈)မှ ကျောင်းသား၊ ကျောင်းသူလေးများက ပုံပြင်ပြောပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ပထမ၊ ဒုတိယ၊ တတိယနှင့်အထူးဆုရရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ခရိုင်လက်ထောက် ညွှန်ကြားရေးမှူးနှင့် တာ၀န်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပါသည်။
အဆိုပါအခမ်းအနားသို့ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇာဇာထွန်း၊ခရိုင်ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်၊ စာရေးဆရာမ ပေါက်ပေါက်၊ အုပ်ချုပ်သူ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြိုင်ပွဲများအပြီး၌ တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် စာအုပ်ပြပွဲနှင့် နံရံကပ် စာစောင်များကို စိတ်ပါ၀င်စားစွာလေ့လာကြည့်ရှုခဲ့ကြသည်။ ယင်းနောက် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သင်္ဃန်းကျွန်းခရိုင်ရုံးတွင် ညရောင်စုံ မီးများဖြင့် ဇန်နဝါရီလ ၁ ရက်နေ့မှစ၍ ထွန်းညှိထားကြောင်း သိရသည်။
ဇော်မိုး