ချမ်းမြသာစည် ဇန်နဝါရီ ၃
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ မန္တလေးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီမှ ကျင်းပပြုလုပ်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မိုက်ခရိုမာရသွန်အပြေးပြိုင်ပွဲကို ယနေ့နံနက် ၆ နာရီက မန္တလာသီရီ အားကစားကွင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ ပထမဆု၊ ဒုတိယဆု၊ တတိယဆုနှင့် ဆုရရှိသူများအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)မှ ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်နှင့် တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ပြိုင်ပွဲသို့ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းမှ သင်တန်းသား/ သင်တန်းသူများ၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်းလူဦးရေ ၇၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ မိုက်ခရိုမာရသွန်အပြေးပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ အောင်မြေသာစံခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး) ကျောင်းအုပ်ကြီး ဦးမြင့်ခိုင်၊ အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးနိုင်လင်းအောင်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ကျောင်းမှ ကျောင်းသား/ကျောင်းသူများ၊ တက္ကသိုလ်ကျောင်းသား/ ကျောင်းသူများ၊ အားကစားဝါသနာရှင်များ တက်ရောက်ခဲ့ကြကြောင်းနှင့် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဇန်နဝါရီလ ၂ ရက်နေ့မှစတင်၍ ဖူဆယ်ပြိုင်ပွဲ၊ ခြင်းခတ်ပြိုင်ပွဲ၊ ထုတ်စည်းတိုးပြိုင်ပွဲ၊ လွန်ဆွဲပြိုင်ပွဲ၊ ဘောလီဘောပြိုင်ပွဲများနှင့် အခြားပြိုင်ပွဲများလည်း ဆက်လက်ယှဉ်ပြိုင်လျက်ရှိပြီး ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ဆုများအသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။
အလင်းသစ်(ချမ်း/စည်၊ ပြန်/ဆက်)