ပုသိမ် ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၁) တွင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့များ တက်ရောက်ခဲ့ကြပြီး ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက Video Conferencing ဖြင့် တက်ရောက်ခဲ့ကြသည်။
ဦးစွာ အစည်းအဝေးသို့တက်ရောက်လာသူများနှင့် ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက မဲရုံများဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များ အချိန်မီရောက်ရှိရေးနှင့် လိုအပ်သည့်ပြင်ဆင်မှုများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ မဲရုံမီးဘေး လုံခြုံရေးများ ဆောင်ရွက်ထားရှိမှု၊ မဲရုံအတွင်းအပြင် လုံခြုံရေးဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က “ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အပိုင်း(၂)ကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ အပိုင်း(၁)၏ အားနည်းချက်များကို သုံးသပ်၍ လိုအပ်ချက်များကို ပြင်ဆင်ရမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ အပိုင်း(၂)ကျင်းပရာတွင် ဆောင်ရွက်ရမည့် အခက်အခဲများရှိပါကလည်း ဝိုင်းဝန်းအဖြေရှာရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး မဲရုံပရဝုဏ်အတွင်း အချိန်မီရောက်ရှိရေး ကိုလည်း ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ လုံခြုံရေးအားနည်းသော ဒေသများတွင် ခြိမ်းခြောက်မှုများ၊ နှောက်ယှက်မှုများ မဖြစ်ပေါ်စေရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ရန်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၁)ကျင်းပရာတွင် မြေပြင်တွင်ဖြစ်ပေါ်ခဲ့သည့် အားနည်းချက်များကို ပြန်လည်သုံးသပ်၍ အပိုင်း(၂)တွင် အကောင်းဆုံးဖြစ်အောင် ပြင်ဆင် ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း” မှာကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)တွင် ဆက်လက်ပြုလုပ်သည့် စွမ်းဆောင်မှုဆိုင်ရာ ထူးချွန်မှုဂုဏ်ထူးဆောင် ဆုတံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က “တိုင်းဒေသကြီး၏ စွမ်းဆောင်မှုဆိုင်ရာ ထူးချွန်မှုဂုဏ်ထူးဆောင် ဆုတံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ၁ရက်နေ့ နောက်ပိုင်းတာဝန်ယူခဲ့သည့် သက်တမ်းကာလတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သူများကို စီမံခန့်ခွဲမှုဆိုင်ရာထူးချွန်ဆု၊ စီးပွားရေးဆိုင်ရာထူးချွန်ဆု၊ လူမှုရေးဆိုင်ရာထူးချွန်ဆု ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်းဖြစ်ပါကြောင်း၊ တောင်သူလယ်သမားနေ့ အခမ်းအနားတွင်လည်း စိုက်ပျိုးရေး၊ မွေးမြူရေး တောင်သူထူးချွန်ဆုများကို ချီးမြှင့်ခဲ့ပါကြောင်း၊ ဂုဏ်ထူးဆောင်ဆုတံဆိပ်များ ချီးမြှင့်အပ်နှင်းနိုင်ရေး မြို့နယ်၊ ခရိုင်၊ တိုင်း အဆင့်ဆင့် စိစစ်ဆောင်ရွက်ခဲ့ပါသဖြင့် ချီးမြင့်အပ်နှင်းနိုင်ရေး ထောက်ခံဆွေးနွေးကြစေလိုကြောင်း” အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အတွင်းရေးမှူးက စွမ်းဆောင်မှုဆိုင်ရာ ထူးချွန်မှုဂုဏ်ထူးဆောင်ဆုတံဆိပ်များ ချီးမြှင့်နိုင်ရေး လျာထားသူများစာရင်းကို ရှင်းလင်းတင်ပြခဲ့ပြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ဆုတံဆိပ်များ ချီးမြှင့်နိုင်ရေးအတွက် ထောက်ခံဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)