အိမ်မဲ ဇန်နဝါရီ ၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် အ-ထ-က (၂)ကျောင်းတွင် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်နှင့် ပြပွဲ၊ ပြိုင်ပွဲများ ဆုချီးမြှင့်ပွဲအခမ်းအနားကို အဆိုပါကျောင်း၏ ပညာ့ဗိမာန်ခန်းမ၌ ယနေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားကို အ-ထ-က(၁)ကျောင်းသား/သူလေးများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ”သီချင်း သီဆို၍ ဖွင့်လှစ်ပေးခဲ့သည်။ ထို့နောက် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်ကိုကိုဦးက အဖွင့်အမှာစကားများကိုလည်းကောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဆရာကြီး ဦးသက်နိုင်အေးက အခမ်းအနားကျင်းပရခြင်း၏ ရည်ရွယ်ချက်များကိုလည်းကောင်း ပြောကြားခဲ့ကြသည်။
ဆက်လက်ပြီး ၂၀၂၅- ၂၀၂၆ ပညာသင်နှစ် ပြပွဲ၊ ပြိုင်ပွဲများတွင် စာပေဆုရရှိသူများ၊ အားကစားပြိုင်ပွဲများ တွင် ထူးချွန်ဆုရရှိသူများအား မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအကျိုးတော်ဆောင်များနှင့် တာဝန်ရှိသူများက ပေးအပ်ခဲ့သည်။
ထို့နောက် အ-ထ-က(၂) အိမ်မဲကျောင်းသား၊ ကျောင်းသူလေးများက “ပညာပန်းခင်း”သီချင်း သီဆို၍ အခမ်းအနားအောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။
ချစ်သက်လယ်(အိမ်မဲ၊ ပြန်/ဆက်)