မိုင်းပျဉ်းမြို့ အ.မ.ကကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော် ကျင်းပ

မိုင်းပျဉ်း ဇန်နဝါရီ ၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့ အခြေခံပညာမူလတန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ခု ပညာသင်နှစ် ပညာရေးစုံညီပွဲတော် အခမ်းအနားကို ယနေ့နံနက် (၁၀)နာရီက အဆိုပါကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အ.မ.က ကျောင်းသား၊ ကျောင်းသူလေးများက “စုံညီပွဲတော် ဒို့နွှဲပျော်”သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ကြသည်။ ထို့နောက် မြို့မိမြို့ဖ ဦးစိုင်းထွန်းစိန်နှင့် မြို့နယ်ပညာရေးမှူးကိုယ်စား လက်ထောက်မြို့နယ်ပညာရေးမှူး ဦးထွန်းထွန်းနိုင်တို့က အဖွင့်အမှာစကားပြောကြားကြသည်။ ဆက်လက်၍ အ.မ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းရွှေကြည်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် ၂၀၂၄-၂၀၂၅ ခုပညာသင်နှစ်တွင် ဆုရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ ဆုချီးမြှင့်ပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

အဆိုပါ အမကကျောင်း၏ ၂၀၂၅-၂၀၂၆ ခုပညာသင်နှစ် ပညာရေးစုံညီပွဲတော်သို့ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ အမကကျောင်းအုပ်ဆရာမကြီးနှင့် ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ကျောင်းသားမိဘများစုံလင်စွာ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်ဆက်)