မိုင်းကိုင် ဇန်နဝါရီ ၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနားကို ယနေ့မနက်ပိုင်းက အ.ထ.က(မိုင်းကိုင်)၌ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်တင်ဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်နန်းခင်ထွေးရီက မြို့နယ်၏ ပညာရေးဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မှု အခြေအနေများအား တင်ပြခဲ့သည်။
ထို့နောက် ပညာရည်ချွန်ဆုပေးပွဲနှင့် ပဒေသာကပွဲကို အ.ထ.က၊ မြတ်သီရိခန်းမ၌ ကျင်းပပြုလုပ်ရာ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွင်း မိုင်းကိုင်မြို့နယ်မှ ပြည်နယ်အဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ကာယ၊ ဉာဏ၊ ဘက်စုံထူးချွန်ပြိုင်ပွဲမျာတွင် ဆုရရှိခဲ့သော ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို တာဝန်ရှိသူများက ဆုများ အသီးသီး ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နယ်မြေခံတပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ကျောင်းသားမိဘများနှင့် ဆုရ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ချော(မိုင်းကိုင်)