(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်း ကွန်ကရစ်လမ်းဖွင့်ပွဲ ကျင်းပ

ရန်ကုန် ဇန်နဝါရီ ၃

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား) ကွန်ကရစ်လမ်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက အမှာစကားပြောကြားသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလင်းခိုင်၊ ကျောက်တံတားခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဥက္ကာနှင့် တာဝန်ရှိသူများက ကွန်ကရစ်လမ်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်းက ဘင်ခရာအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အဖွဲ့က လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား) ကွန်ကရစ်လမ်းအား ဖြတ်သန်း ကြည့်ရှုစစ်ဆေးပြီး တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။

အဆိုပါ ကွန်ကရစ်လမ်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဘဏ္ဍာရေးနှစ်များအလိုက် လမ်းများအား ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လမ်းမတော်မြို့နယ်၊ ရွှေတောင်တန်းလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား)၏ မူလလမ်းသားမှာ ကတ္တရာကွန်ကရစ်လမ်းသားဖြစ်ပြီး လမ်းအသုံးပြုမှု သက်တမ်းကြာမြင့်နေပြီးဖြစ်သောကြောင့် လမ်းအရှည်(၈၃၀)ပေ၊ ယာဉ်သွားလမ်းအကျယ်(၄၂)ပေနှင့် လမ်းတစ်ဖက်တစ်ချက်တွင် အကျယ်(၁၅)ပေ ကားပါကင်ပါဝင်ပြီး ကားအစီးရေ(၁၅၃)စီး ရပ်နားနိုင်သော ကွန်ကရစ်လမ်းဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)