ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေး စုံညီပွဲတော်အခမ်းအနား ကျင်းပ

ကျောက်ပန်းတောင်း ဇန်နဝါရီ ၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်အခမ်းအနားကို၊ ယနေ့နံနက်(၉)နာရီက လွတ်လပ်ရေးရပ်ကွက်ရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စကားဝါခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားကို အ.ထ.က(၁) ကျောင်းသား/ကျောင်းသူလေးများက ကြိုဆိုပါသည် စုံညီပွဲတော်သီချင်းဖြင့် သံပြိုင်သီဆိုဖွင့်လှစ်ကြပြီး၊ ညောင်ဦးခရိုင် ပညာရေးမှူး ကိုယ်စားလက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦးက အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တိုင်းအဆင့်၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့် ဆုရရှိကြသူများအား လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦးနှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး၊ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူလေးများက အကအလှများဖြင့် အလှည့်ကျဖျော်ဖြေကြ၍ အ.ထ.က(၁) ကျောင်းသား/ကျောင်းသူလေးများက ဇာတိမာန်သီချင်းကို သံပြိုင်သီဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်သို့ ညောင်ဦးခရိုင် ပညာရေးမှူးရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ထွန်းဦး၊ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူး (တာဝန်ခံ) ဒေါ်အေးအေးမော်နှင့် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်းအုပ်ဆရာကြီး/ ဆရာမကြီးများ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းအသီးသီးမှ ဆုရ ကျောင်းသား/ကျောင်းသူများ၊ ဖျော်ဖြေရေးအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား မိဘများ စုစုပေါင်းအင်အား (၇၀၀) ဦးကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)