ကျောင်းကုန်းမြို့ရှိ အခြေခံပညာကျောင်းများ ပညာရေးစုံညီပွဲတော် တစ်ပြိုင်နက်တည်းကျင်းပ

ကျောင်းကုန်း ဇန်နဝါရီ ၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ် ပညာရေးမှူးရုံး၊ မြတ်ပညာခန်းမ၌ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၉ နာရီအချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို Grade 8 ကျောင်းသား/သူလေးများက “မြန်မာ့ကျောင်း” သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကိုကိုဦးက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ဆက်လက်၍ ဒုတိယမြို့နယ်ပညာရေးမှူး ဦးသက်ဦးက ဝမ်းမြောက်စကားပြောကြားခဲ့ပြီး၊ ကျောင်းအုပ်ဆရာကြီး ဦးဆန်းထွန်းက ယခုလိုစည်ကားသိုက် မြိုက်စွာကျင်းပနိုင်ခြင်းဟာ ကျောင်းသားမိဘများ ပူးပေါင်းပါဝင်ကူညီ လှူဒါန်းခြင်းကြောင့်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ဘက်စုံထူးချွန်ဆု ရရှိကြသူများနှင့် ကာယ/ဉာဏ ထူးချွန်သော ကျောင်းသား/သူ များအား တာဝန်ရှိသူများက ဆုများအသီး သီးချီးမြှင့်ခဲ့ကြပြီး၊ ကျောင်းသား ကျောင်းသူလေး များက ဖျော်ဖြေရေးအဖွဲ့များဖြင့် ကပြသီဆိုခဲ့ကြရာ ကျောင်းအုပ်ဆရာကြီးနှင့် မိဘများက ဆုများ ချီးမြှင့်ခဲ့ကြသည်။ ကျောင်းကုန်းမြို့နယ်အတွင်း အခြေခံပညာ‌ကျောင်း(၁၉၆)ကျောင်း စလုံး ပညာရေးစုံညီပွဲတော်ကို တစ်ပြိုင်နက်တည်း ကျင်းပခဲ့ကြပြီး၊ အခမ်းအနားကို “ဇာတိမာန်” သီချင်းသီဖြင့် သီဆို၍ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)