နောင်ချို ဇန်နဝါရီ ၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ ပတ္တမြားခန်းမဆောင်တွင် ကျင်းပခဲ့သည်။ အခမ်းအနားမစတင်မီ အမှတ်(၁)အခြေခံပညာအထက်ကျောင်းဘင်ခရာတပ်ဖွဲ့နှင့်ပန်းပွားအကအဖွဲ့တို့က တက်ရောက်လာကြသော ဧည့်ပရိသတ်များအား တီးမှုတ်ကပြဖျော်ဖြေခဲ့ကြသည်။
၎င်းနောက် အခမ်းအနားကို ဆက်လက်ကျင်းပရာ ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသော ဧည့်ပရိသတ်များအား ကျောင်းသား၊ ကျောင်းသူမျာမှ “ကြိုဆိုပါသည် စုံညီပွဲတော်”သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်အေးအေးသင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် စုံညီပွဲတော်ဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသည် အလှူရှင်များအားလည်းကောင်း၊ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ထူးချွန်ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများကို အသီးသီး ချီးမြှင့်ခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူလေးများမှ ပဒေသာအကအလှများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါ ပညာရေးစုံညီပွဲတော်သို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ/ဆရာမများ၊ ဆုရကျောင်းသား/ ကျောင်းသူများ၊ ကျောင်းသားမိဘများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။ ယခုနှစ် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်များအား တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဇန်နဝါရီလ ၃ ရက်နေ့တွင် တစ်ပြိုင်နက် ကျင်းပပြုလုပ်ကြရမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးဌာနမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)