လားရှိုး ဇန်နဝါရီ ၄
ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၁၃၈၇ ခုနှစ် ပြာသိုလပြည့်နေ့၌ မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး မျက်နှာတော်သစ်ပူဇော်ခြင်းနှင့် ရွေကြာသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ဇန်နဝါရီလ ၂ ရက် နံနက် ၆ နာရီက အဆိုပါ ဘုရားကြီး ပရိဝုဏ်အတွင်း၌ ကျင်းပသည်။
ရှေ့ဦးစွာ တက်ရောက်လာကြသည့် ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက မဟာမြတ်မုနိရုပ်ရှင်တော်မြတ်ကြီး မျက်နှာတော်သစ်ပူဇော်ခြင်းနှင့် ရွေကြာသင်္ကန်း ဆက်ကပ်လှူဒါန်းခဲ့ပြီး ဆီးမီး၊ ပန်း၊ ရေချမ်းနှင့် ဆွမ်း၊ သစ်သီးဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ထို့နောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်များက မြတ်စွာဘုရားနှင့် ဆရာတော်သံဃာတော် အရှင်သူမြတ်များအား “ဩကာသ" ကန်တော့ကျိုးဖြင့် ရှိခိုးကန်တော့ပြီး ဆရာတော်သံဃာတော် အရှင်သူမြတ်တို့ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြသည်။
ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဌ ဦးမျိုးမင်းထွန်းနှင့် တာဝန်ရှိသူများက ဆရာတော်သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုအစုစုအား ဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)