သရက်ချောင်း ဇန်နဝါရီ ၄
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာကော်မတီဥက္ကဌဖလား အမျိုးသားသုံးယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က သရက်ချောင်းမြို့နယ်၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။
အဆိုပါ (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အကြို အမျိုးသားသုံးယောက်တွဲ(အလွတ်တန်း) ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အသင်း ၉ သင်းဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြရာ ဗိုလ်လုပွဲစဉ်သို့တက်ရောက်လာသော မြို့မ(A)အသင်းနှင့် မြို့မ(B)အသင်းမှ ကစားသမားများအား သရက်ချောင်းမြို့နယ်၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးလင်းနိုင်ဦးက ဗိုလ်လုပွဲစဉ်ဖြစ်သည့်နှင့်အညီ လိုက်နာရမည့် စည်မျဉ်း၊ စည်ကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ဗိုလ်လုပွဲစဉ်အဖြစ် မြို့မ(A)အသင်းနှင့် မြို့မ(B)အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားရာ အားကစားဝါသနာရှင်များက ကြည့်ရှုအားပေးခဲ့ကြပြီး မြို့မ(B)အသင်းက နှစ်ပွဲ တစ်ပွဲဖြင့် အနိုင်ရဗိုလ်စွဲခဲ့ကြောင်း ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီလ ၄ရက်နေ့တွင်ပြုလုပ်မည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသတင်းရရှိသည်။
ပြည့်ဖြိုးပိုင်(ပြန်/ဆက်)