တိုင်းဒေသကြီးဝန်ကြီးချုပ် (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့ တက်ရောက်

ပုသိမ် ဇန်နဝါရီ ၄

‌ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့် စံပြမိခင်ပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြိုင်ပွဲဝင် မိခင်များနှင့် ကလေးငယ်များ တက်ရောက်ခဲ့ကြသည်။

ဉီးစွာ  တိုင်းဒေသကြီးဝန်ကြီးချုပ်က ယခုကဲ့သို့ ကလေးပြိုင်ပွဲ၊ စံပြမိခင်ပြိုင်ပွဲ လှုပ်ရှားမှုများတွင် ပြည်သူလူထုကိုယ်တိုင် စိတ်ဝင်တစား ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ကလေးငယ်များ အသက်အရွယ်အလိုက် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကျန်းမာသန်စွမ်းစေရန်နှင့် ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် စသည့် အသိပညာအမူအကျင့်ကောင်းများ ပြည်သူလူထုအတွင်း ပိုမိုကျယ်ပြန့်စွာ သိရှိလာစေမှာဖြစ်ပြီး ကလေးငယ်များနှင့် အမျိုးသမီးများ၏ ကျန်းမာရေးနှင့် အာဟာရအခြေအနေ ပိုမိုကောင်းမွန် မြင့်မားလာစေရန်အတွက်လည်း အားလုံးဝိုင်းဝန်း ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ပြည်သူအားလုံး ဘဝတစ်လျှောက်လုံး အနာရောဂါကင်းရှင်းရန်၊ နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် မိခင်နှင့်ကလေးသေနှုန်းများ ကျဆင်းစေရန်၊ အာဟာရပြည့်ဝပြီး ကာယနှင့်ဉာဏဖွံ့ဖြိုးသည့် မျိုးဆက်သစ်လူငယ်များ ပေါ်ထွက်လာစေရန်နှင့် ကလေးများ၏ အနာဂတ်မှာ ကျန်းမာဖွံ့ဖြိုးသာယာစေရန်အတွက် အခြေခံကျပြီးအရေးပါသည့် ကိုယ်ဝန်ဆောင်ကာလမှ အသက် (၂)နှစ်အရွယ်အထိ ကလေးငယ်များ ကျန်းမာဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိုမိုခိုင်မာအောင် အရှိန်အဟုန်မြှင့်တင်ပြီး အားလုံးပူးပေါင်း ရင်းနှီးမြှုပ်နှံဆောင်ရွက်ပေးကြပါရန် အလေးအနက် တိုက်တွန်းပြောကြားလိုပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့်အတူ နှီးနွယ်ဌာနဆိုင်ရာများ၊ မိတ်ဖက်အဖွဲ့အစည်းများအားလုံး တက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ အရေးကြီးသည့် လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကလေးငယ်များကို ဗလငါးတန်နှင့် ပြည့်ဝစေမှာဖြစ်သည့်အတွက် တက်ရောက်လာကြသူများမှ ပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း တိုက်တွန်းအမှာစကား ပြောကြားသည်။

ဆက်လက်၍ မွေးစမှအသက်(၆)လအထိ ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အသက်(၆) လမှ (၁)နှစ်အထိ ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့၊ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း၊ အသက်(၁)နှစ်မှ (၁)နှစ်ခွဲအထိ ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊  တတိယနှင့် နှစ်သိမ့်ဆုရရှိသူများကို လူမှုရေးရာဝန်ကြီးကလည်းကောင်း၊ အသက်(၁)နှစ် ခွဲမှ (၂)နှစ်အထိ ကလေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုနှင့် နှစ်သိမ့်ဆုရရှိသူများကို   လူမှုရေးရာဝန်ကြီး၏ ဇနီးကလည်းကောင်း၊ စံပြမိခင်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများကို မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌကလည်းကောင်း၊ အထူးဆုရရှိသော ကလေးငယ်အား ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ တိုင်းဦးစီးမှူးကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြပြီးနောက် ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့သို့ အလှူရှင်များက အလှူငွေများပေးအပ်လှူဒါန်းရာ ဧရာဝတီတိုင်းဒေသကြီး မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)