ပုသိမ် ဇန်နဝါရီ ၄
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ်၊ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မီနီမာရသွန်ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ပြိုင်ပွဲဝင်အားကစားသမားများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ မီနီမာရသွန်ပြိုင်ပွဲကို တိုင်းဒေသကြီးဝန်ကြီးချုပ်က သေနတ်ပစ်ဖောက်၍ ဖွင့်လှစ်ပေးခဲ့ပြီးနောက် ပြိုင်ပွဲဝင်အမျိုးသားအားကစားသမားများက ကိုးသိန်းအားကစားကွင်းမှစတင်ကာ ပုသိမ်-ရန်ကုန်လမ်းမကြီး ပညာရေးဒီဂရီကောလိပ်မှတစ်ဆင့် ကိုးသိန်းအားကစားကွင်းသို့လည်းကောင်း၊ အမျိုးသမီးအားကစားသမားများက ကိုးသိန်းအားကစားကွင်းမှစတင်ကာ ပုသိမ်-ရန်ကုန်လမ်းမကြီးအတိုင်း မြက်တိုရပ်မှတစ်ဆင့် ကိုးသိန်းအားကစားကွင်းသို့လည်းကောင်း အသီးသီး ပြန်လည်ပန်းဝင်ခဲ့ကြသည်။ ယင်းနောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ အမျိုးသမီးမီနီမာရသွန်ပြိုင်ပွဲတွင် ဒသမဆုမှ စတုတ္ထဆု ရရှိသူများအား ဆုများကို လူမှုရေးရာဝန်ကြီး၊ တိုင်းဒေသကြီးဥပဒေချုပ်နှင့် တိုင်းဒေသကြီးတရားသူကြီးချုပ်တို့ကလည်းကောင်း၊ အမျိုးသားမီနီမာရသွန်ပြိုင်ပွဲတွင် ဒသမဆုမှ စတုတ္ထဆုရရှိသူများအား ဆုများကို သယံဇာတရေးရာဝန်ကြီး၊ စီးပွားရေးရာဝန်ကြီးနှင့် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးတို့ကလည်းကောင်း ဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။
ထို့နောက် အမျိုးသမီးမီနီမာရသွန်ပြိုင်ပွဲနှင့် အမျိုးသားမီနီမာရသွန်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား တစ်ဉီးချင်းဆုတံဆိပ်များနှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆုများချီးမြှင့်ခဲ့ပြီးနောက်နှစ်သိမ့်ဆုရရှိသူများအား ဆုများ ဆက်လက်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)