ပုသိမ် ဇန်နဝါရီ ၄
၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီး ပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ကိုးသိန်းအားကစားကွင်းတွင်ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။
ဦးစွာ စစ်ကြောင်းမှူးဦးဆောင်၍ ဘင်ခရာအဖွဲ့များမှ ကွင်းအတွင်းနေရာယူကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ဧရာဝတီတိုင်းဒေသကြီးပညာရေးစုံညီပွဲတော် ဖွင့်ပွဲအခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်၍ တန်းအပ်ခြင်းနှင့် အလေးပြုခြင်းများဆောင်ရွက်ခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ပညာရေးစုံညီပွဲတော် ကျင်းပရခြင်းရဲ့ရည်ရွယ်ချက်မှာ ဆရာ၊ ဆရာမများကြား၊ ကျောင်းသား၊ ကျောင်းသူများကြား သင်ကြားရေး၊ သင်ယူရေးနည်းစနစ်များ ဖလှယ်ရန်၊ ခေတ်မီသင်ကြားရေးနည်းပညာများ၊ သင်ထောက်ကူပစ္စည်းများပြသရန်၊ သိပ္ပံပြပွဲ၊ အနုပညာပြပွဲ၊ စာပေပြိုင်ပွဲများ ကျင်းပရန်၊ မိဘများအား ကလေး၏ပညာရေးတွင် ပိုမိုပါဝင်နိုင်စေရေးလှုံ့ဆော်ရန်၊ ပညာရေးစနစ် ပြုပြင်ပြောင်းလဲရေးဆွေးနွေးမှုများပြုလုပ်ရန်၊ ပညာရေးစုံညီပွဲတော်မှ ကျောင်းသား၊ ကျောင်းသူများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးပညာသာမက ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သည့် လူငယ်များကို ဂုဏ်ပြုဆုချီးမြှင့်ပွဲများ ကျင်းပခြင်း၊ ကျောင်းသား၊ ကျောင်းသူတို့၏ ဉာဏ်ရည် ဉာဏ်သွေးအရ တီထွင်ဖန်တီးထားသည့် ပြခန်းများ၊ သင်ထောက်ကူများ၊ လက်တွေ့ပြသကြသည့် ပွဲလည်းဖြစ်ပါကြောင်း၊ ဘေးကင်းလုံခြုံပြီး ကလေးပျော်ကျောင်းများဖြစ်ရန်အတွက် ကျောင်းဥပဓိရုပ်နှင့် ကျောင်းပတ်ဝန်းကျင်ကောင်းကို ဖန်တီးပေးရမှာဖြစ်ပါကြောင်း၊ ဆရာ၊ မိဘ၊ ကျောင်းသား၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များ၊ ရပ်မိရပ်ဖများ၊ အလှူရှင်များ၊ အုပ်ချုပ်ရေးအဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးမည်ဆိုလျှင် ပညာကို ပြည့်ပြည့်စုံစုံသင်ယူနိုင်မည်ဖြစ်ပါကြောင်း၊ ဧရာဝတီတိုင်းဒေသကြီး၏ ပညာရေးကဏ္ဍ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆရာ၊ ကျောင်းသား၊ မိဘများ၊ ကျောင်းအကျိုးတော်ဆောင်၊ စေတနာရှင်၊ အလှူရှင်များ အုပ်ချုပ်ရေးအဖွဲ့များ အချိတ်အဆက်မိမိ လက်တွဲပြီး ပူးပေါင်းဆောင်ရွက်ကြရန်လိုပါကြောင်း တိုက်တွန်းစကားပြောကြားပြီး စုံညီပွဲတော်အတွက် ချီးမြှင့်ငွေများ ပေးအပ်ရာ တိုင်းဒေသကြီးပညာရေးမှူးက လက်ခံရယူခဲ့သည်။
ဆက်လက်၍ စစ်ကြောင်းမှူးဦးဆောင်ကာ ဘင်ခရာအဖွဲ့၊ ပန်းပွားအကအဖွဲ့၊ ကဗျာလွတ်အကအဖွဲ့၊ ကာယအဖွဲ့၊ Fitness Exercises အဖွဲ့နှင့် တေးသရုပ်ဖော်အဖွဲ့များက ကွင်းအတွင်းမှ ပြန်လည်ထွက်ခွာပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ပုသိမ်မြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသူ (၂၀၀)ဦးက အခြေခံကဗျာလွတ်အကဖြင့် ကပြဖျော်ဖြေမှု၊ အ.ထ.က(၂) ပုသိမ်မှ ကျောင်းသား၊ ကျောင်းသူ (၃ဝဝ)ဦးက ကာယပညာ အတွဲ(၃)ဖြင့် သရုပ်ပြသမှု၊ စိန့်ဂျွန်းကိုယ်ပိုင်အထက်တန်းကျောင်းမှ ကျောင်းသား/သူ (၂၀၀)ဦးက "အာရှမြန်မာ"သီချင်းဖြင့် PE-22 Fitness Exercises ကို သရုပ်ပြဖျော်ဖြေမှု၊ AD Myanmar မှကျောင်းသား/သူ (၁၀၀)ဦး၊ ပုသိမ်မြို့နယ်မှ မိဘ၊ ဆရာ/မ (၂ဝဝ)ဦးတို့က "စုံညီပွဲတော်တို့နွှဲပျော်" သီချင်းဖြင့် သရုပ်ဖော် ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)