ထားဝယ် ဇန်နဝါရီ ၄
(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြခန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ (၄)နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားရင်ပြင်၌ ကျင်းပခဲ့သည်။
ဖွင့်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းဇော်မြင့်၊ တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးသက်နိုင်တို့က (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများ၊ ထားဝယ်ဒေသ၏ အထင်ကရပုဂ္ဂိုလ်များအကြောင်း သိကောင်းစရာများ၊ ဌာနအလိုက်လုပ်ငန်းဆောင်ရွက်မှု ပြကွက်များ၊ မှတ်တမ်းမှတ်ရာပစ္စည်းများနှင့် လုပ်ငန်းများ၊ တိုင်းဒေသကြီးအတွင်းမှ ထွက်ရှိသော ဒေသထွက်ကုန်များ၊ တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများနှင့် တူရိယာပစ္စည်းများ၊ ပိုလီတက္ကနစ်တက္ကသိုလ်(ထားဝယ်)မှ ပြသထားသည့် Product Show၊ သင်ထောက်ကူပစ္စည်းများ၊ ဒေသမှထွက်ရှိသော MSME ပြခန်းများ စသည့် ပြခန်း (၁၃)ခန်းအား စိတ်ပါဝင်စားစွာ လှည့်လည်ကြည့်ရှု အားပေးခဲ့ကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မွေးမြူရေးပြိုင်ပွဲ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့် ပန်းမန်ပြိုင်ပွဲများတွင် (ပထမ၊ ဒုတိယ၊ တတိယ)ဆုရရှိသူများအား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က တီးခတ်ပေးသော ဘင်ခရာအဖွဲ့အား ဂုဏ်ပြုဆုငွေ ချီးမြှင့်သည်။
(၇၈)နှစ်မြောက် အထိမ်းအမှတ်ပြခန်းတွင် ဌာနဆိုင်ရာများ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ခင်းကျင်းပြသထားလျက်ရှိရာ ဒေသခံပြည်သူများက ပြခန်းများကို စိတ်ပါဝင်စားစွာ လာရောက်ကြည့်ရှုအားပေးခဲ့ကြပြီး ပြခန်းများကို ဇန်နဝါရီ ၄ ရက်နေ့အထိ ခင်းကျင်းပြသပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)