ဖျာပုံ၌ ဒုတိယအကြိမ်မြောက် "ဖျာပုံစာပေဆု" ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ဖျာပုံ ဇန်နဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်စာရေးဆရာအသင်းကြီးက ကြီးမှူးကျင်းပသော ဒုတိယအကြိမ်မြောက် "ဖျာပုံစာပေဆု" ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လည် ၁၂ နာရီက ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် ပြုလုပ်ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ဖျာပုံမြို့နယ်စာရေးဆရာအသင်းဥက္ကဌ(ဖျာပုံစာပေဆု ပြိုင်ပွဲကျင်းပရေးအဖွဲ့ခေါင်းဆောင်) စာရေးဆရာဦးဇေယျာဘုန်းမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲဝင်စာပေများအပေါ်  ဖျာပုံမြို့နယ်စာရေးဆရာအသင်းဥက္ကဌနှင့် တာဝန်ရှိသူများက ဘာသာရပ်အလိုက် ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် ခရိုင်အဆင့်ဖိတ်ခေါ်စာမူပြိုင်ပွဲတွင် ဝတ္ထုတို၊ ကဗျာနှင့် ဆောင်းပါးတို့တွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုရရှိသူများအား ဖျာပုံမြို့နယ် စာရေးဆရာအသင်းဥက္ကဌ(ဖျာပုံစာပေဆုပြိုင်ပွဲကျင်းပရေးအဖွဲ့ခေါင်းဆောင်) စာရေးဆရာဦးဇေယျာဘုန်းမြင့်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးနှင့်တာဝန်ရှိသူများက ဆုများပေးအပ်ချီးမြှင့်ခဲ့သည်။

အဆိုပါ ဒုတိယအကြိမ်မြောက်"ဖျာပုံစာပေဆု" ခရိုင်အဆင့် ဖိတ်ခေါ်စာမူပြိုင်ပွဲသို့ ဖျာပုံမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ ဒေးဒရဲမြို့နယ်နှင့် ဘိုကလေးမြို့နယ်များမှ မျိုးဆက်သစ်စာရေးဆရာများ၊ စာပေဝါသနာရှင်များ ဝင်ရောက်​​​ရေးသားယှဥ်ပြိုင်ခဲ့ကြကြောင်းသိရပြီး စာပေဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းပြည်နှင့်လူမျိုးအတွက်အကျိုးပြုမည့် စာပေပညာရှင်များ ပေါ်ထွက်လာစေရေးအတွက် နှစ်စဥ်ကျင်းပဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)