(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် မအူပင်အကျဉ်းထောင်မှ ပြစ်ဒဏ်ကျခံသူ (၈၄)ဦးအား လွတ်ငြိမ်းခွင့်ပြု

မအူပင် ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူမှုရေးအရ ငဲ့ညှာထောက်ထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့် စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း ယနေ့နံနက် ၁၀ နာရီ ၁၅ မိနစ်က မအူပင်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံနေသည့် ပြည်သူ (၈၄)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ (၁)အရ စည်းကမ်းသတ်မှတ်ချက်ဖြင့် လွတ်ငြိမ်းခွင့်ပြုခဲ့သည်။

မအူပင်အကျဉ်းထောင်မှ လွတ်ငြိမ်းခွင့်ရရှိသော အကျဉ်းသား(၆၃) ဦး၊ အကျဉ်းသူ (၁၉)ဦး၊ စုစုပေါင်း (၈၄)ဦးအား မအူပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများ ပြောကြားသည်။ ယင်းနောက် အကျဉ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးကျော်သူက ခရီးစားရိတ်များပေးအပ်ခဲ့ပြီး လွတ်ငြိမ်းခွင့်ပြုလုပ်ပေးခဲ့ရာ မိသားစုများက ဝမ်းသာစွာဖြင့် လာရောက်ကြိုဆိုခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)