မန္တလေးတိုင်းဒေသကြီး၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနား ကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ ၄

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူး၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်းအခမ်းအနားကို မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်ရှိ မန္တလာသီရီဘောလုံးကွင်း၌ ယနေ့နံနက် ၄ နာရီမှ စတင်၍ ကျင်းပဆောင်ရွက်ခဲ့သည်။

 ဦးစွာ အလံတင်အခမ်းအနားတွင် ဂုဏ်ပြုတပ်ဖွဲ့ဝင်များက သစ္စာအဓိဋ္ဌာန် ရွတ်ဆိုခဲ့ကြကာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီး နေလင်းစိုးက မြန်မာနိုင်ငံတော်အလံ လွှင့်တင်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသော တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးများ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများမှ နိုင်ငံတော်အလံအား အလေးပြုခဲ့ကြသည်။

ဆက်လက်ပြီး နံနက် ၇ နာရီအချိန်တွင် ဂုဏ်ပြုတပ်ဖွဲ့ဝင်များနှင့် ဘင်ခရာအဖွဲ့တို့က ခေတ္တဝန်ကြီးချုပ် ဗိုလ်မှူးကြီးနေလင်းစိုးအား ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မမင်းအောင်လှိုင်ထံမှ ၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား ခေတ္တဝန်ကြီးချုပ်က ဖတ်ကြားခဲ့သည်။

အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် တာဝန်ရှိသူများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော် များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည်၊ ပြန်/ဆက်)