မြိတ် ဇန်နဝါရီ ၄
အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ အမိန့်ကြေညာစာအမှတ် (၂/၂၀၂၆)ဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတသည် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထုနှလုံးစိတ်ဝမ်းအေးချမ်းစေရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့မှ အကျဉ်းသား/သူ(၆၁)ဦးအား ယနေ့နံနက် (၁၀) နာရီခွဲက ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုခဲ့ကြောင်း သိရသည်။
ထို့သို့လွှတ်ပေးရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်ဖြင့် မြိတ်အကျဉ်းထောင်နှင့် ကျောက်ဖြူတောင်ကုန်ထုတ်စခန်းတို့၌ ပြစ်ဒဏ်ကျခံနေရသည့် အကျဉ်းသား/သူများအနက်မှ အကျဉ်းသား/သူ (၆၁)ဦးအား ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ(၁)အရ “နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၄င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်” ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပြုလိုက်ခြင်းဖြစ်သည်။
ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေးရာ၌ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူများအနက် မြိတ်အကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား (၃၂)ဦးနှင့် အကျဉ်းသူ (၆)ဦးအား ဒုခရိုင်အုပ်ချုပ်ရေးမှူး ဦးရဲထွဋ်နိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့် အကျဉ်းထောင်တာဝန်ခံအရာရှိတို့မှ ဆုံးမစကားများပြောကြား၍ ထောင်လွှတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်များပေး၍ လွှတ်ပေးခဲ့ကြသည်။
ထို့အတူ ကျောက်ဖြူတောင်ကုန်ထုတ်စခန်းမှ ပြစ်ဒဏ်ကျခံလျက်ရှိသည့် အကျဉ်းသား/သူများအနက် ပြစ်ဒဏ်လွှတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသား (၂၃)ဦးကိုလည်း အကျဉ်းထောင်တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများက ဆုံးမစကားများပြောကြား၍ ထောင်လွှတ်လက်မှတ်နှင့်အတူ စားစရိတ်၊ ခရီးစရိတ်နှင့် လုပ်အားရှင် ခံစားခွင့်များပေး၍ လွှတ်ပေးခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး (ပြန်/ဆက်)