ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲများကျင်းပ

ဧရာဝတီ ဇန်နဝါရီလ ၄

(၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင်အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲအခမ်းအနားများကို နိုင်ငံတစ်ဝန်း ကျင်းပဆောင်ရွက်လျက်ရှိရာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ ညောင်တုန်းမြို့နယ်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ ဝါးခယ်မမြို့နယ်၊ မအူပင်မြို့နယ်၊ ဇလွန်မြို့နယ်၊ မြောင်းမြမြို့နယ်၊ ဟင်္သတမြို့နယ်၊ ဓနုဖြူမြို့နယ်၊ လပွတ္တာမြို့နယ်၊ ကျုံပျော်မြို့နယ်၊ အင်္ဂပူမြို့နယ်၊ ကန်ကြီးထောင့်မြို့နယ်၊ ကျောင်းကုန်းမြို့နယ်၊ ရေကြည့်မြို့နယ်၊ ကြံခင်းမြို့နယ်၊ ပုသိမ်မြို့နယ်၊ ဖျာပုံမြို့နယ်၊ ကျိုက်လတ်မြို့နယ်၊ အိမ်မဲမြို့နယ်၊ ဘိုကလေးမြို့နယ်၊ ဒေးဒရဲမြို့နယ်၊ ငွေဆောင်မြို့နယ်နှင့် ငပုတောမြို့နယ်တို့တွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အသီးသီးရှိ အလံတင်အခမ်းအနား ကျင်းပရာနေရာများ၌ နံနက် ၄ နာရီ ၂၀ မိနစ်တွင် ကျင်းပရာ နိုင်ငံတော်အလံအား ရဲတပ်ဖွဲ့ဝင်များက အလံတိုင်ထိပ်သို့လွှင့်တင်ခဲ့ကြပြီး နိုင်ငံတော်အလံအား ခရိုင်/မြို့နယ်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်ဝန်ထမ်းများ၊ မီးသတ်နှင့်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များ၊ အသင်းအဖွဲ့များမှပုဂ္ဂိုလ်များက စုပေါင်းအလေးပြုကြသည်။

ထို့နောက် သဝဏ်လွှာဖတ်ပွဲ အခမ်းအနားများကိုကျင်းပကြရာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှပေးပို့သော (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့သဝဏ်လွှာအား သက်ဆိုင်ရာခရိုင်/မြို့နယ်များမှတာဝန်ရှိသူများက ဖတ်ကြားကြပြီး (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ပြိုင်ပွဲများမှ ဆုရရှိသူများအား ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားများသို့ တက်ရောက်လာကြသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများက (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ပြန်/ဆက်