စဉ့်ကိုင် ဇန်နဝါရီ ၅
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတသည် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနှင့် လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊ နိုင်ငံတော်၏ မေတ္တာနှင့်စေတနာကို နားလည်စေရန် ရှေးရှုသောအားဖြင့်လည်းကောင်း အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်များ ပေးလျက်ရှိရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁)နှင့် အမှတ်(၂) ကုန်ထုတ်စခန်း အစည်းအဝေးခန်းမများ၌ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများနှင့် အဂတိတိုက်ဖျက်ရေး ဥပဒေအရ ပြစ်မှုများမှအပ အခြားသော ဥပဒေများဖြင့် ပြစ်မှုကျခံလျက်ရှိသည့် အကျဉ်းသား ၁၆၇ ဦးအား ရာဇဝတ်ကျင်ထုံ ဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ ၁ အရ နောက်တစ်ကြိမ် ပြစ်မှုကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည် ဟူသော စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး အေးမြင့်နိုင်၊ အကျဉ်းဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးချစ်ကိုနှင့် တာဝန်ရှိသူများက လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားများအား ဆုံးမစကား အသီးသီးပြောကြားခဲ့သည်။
ဆက်လက်၍ ကုန်ထုတ်စခန်းတွင် ပြစ်ဒဏ်ကျခံစဉ်ရရှိခဲ့သည့် အကျိုးခံစားခွင့်များအား ထုတ်ပေးခဲ့ပြီးနောက် ဘယ်လင်းအကျဉ်းဦးစီးဌာန အမှတ်(၁) ကုန်ထုတ်စခန်းမှ အကျဉ်းသား ၉၃ ဦးနှင့် အမှတ်(၂) ကုန်ထုတ်စခန်းမှအကျဉ်းသား ၇၄ ဦး၊ စုစုပေါင်းအကျဉ်းသား ၁၆၇ ဦးတို့အား အကျဉ်းဦးစီးဌာနအစီအစဉ်ဖြင့် ရထားဘူတာနှင့်ကားဂိတ်များသို့မော်တော်ယာဉ်များဖြင့် ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)