ညောင်ရွှေမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မွမ်းမံသင်တန်း ဖွင့်လှစ်

ညောင်ရွှေ ဇန်နဝါရီ ၅

၂၀၂၅-ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာပြုလုပ်နိုင်ရေး၊ မဲရုံမှူးများနှင့် မဲရုံတာဝန်ရှိသူများ မြန်မာအီလက်ထရောနစ်မဲပေးစက်ကို ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးတတ်စေရန်၊ မဲဆန္ဒရှင်ပြည် သူများ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရန်စေရန်အတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာ မွမ်းမံသင်တန်းကို ဇန်နဝါရီ (၅) ရက် နံနက် (၉) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း ပတ္တမြားခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူး စောစိုးမိုးက ရွေးကောက်ပွဲကာလ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က သတင်းမှတ်တမ်းရိုက်ကူးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမင်းက ရွေးကောက်ပွဲအကြိုနှင့် ရွေးကောက်ပွဲကာလ မဲရုံမှူးများ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ ဆောင်ရွက်ရမည့်လုပ်ငန်း စဉ်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်မြသန္တာဌေးက မြန်မာအီလက်ထရောနစ်မဲပေးစက်တပ်ဆင်ခြင်းနှင့် ကိုင်တွယ်အသုံးပြုခြင်းဆိုင်ရာများကိုလည်းကောင်း အသီးသီးပြောကြားခဲ့ကြသည်။

ထို့နောက် မဲရုံအသီးသီးတွင် တာဝန်ကျသည့် စက်ကိုင်ဆရာ/ဆရာမများက မြန်မာအီလက်ထရောနစ်မဲပေးစက် ကိုင်တွယ်တပ်ဆင်ခြင်း၊ စစ်ဆေးခြင်း၊ စမ်းသပ်မဲပေးခြင်း၊ မှတ်တမ်းတင်ခြင်းများကို တစ်ဦးချင်းလက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ