မြင်းခြံတက္ကသိုလ်၌ စတုတ္ထအကြိမ် ဘွဲ့နှင်းသဘင် ပေးအပ်ပွဲ အခမ်းအနားပြုလုပ်

မြင်းခြံ ဇန်နဝါရီ ၅

မန္တလေးတိုင်းဒေသကြီး မြင်းခြံတက္ကသိုလ်၌ စတုတ္ထအကြိမ် ဘွဲ့နှင့်သဘင် ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက မြင်းခြံတက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပါမောက္ခချုပ် ဆရာမကြီးနှင့်တကွ စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ ပညာရေးအဖွဲ့ဝင် များသည် သက်ဆိုင်ရာ ဝတ်ရုံများ ဝတ်ဆင်ပြီး ဘွဲ့နှင်းသဘင်ခန်းမ စင်မြင့်ပေါ်သို့ ကြွလာသည်။ ထို့နောက် ပါမောက္ခချုပ်က ဘွဲ့ယူသူများအား သက်ဆိုင်ရာစာမေးပွဲများကို ကောင်းစွာ အောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့က ကြေညာခြင်းခံရသူများအား ဘွဲ့အပ်နှင်းရန် ဤတက္ကသိုလ် ဘွဲ့နှင်းသဘင်ကို ကျင်းပခြင်းဖြစ်ကြောင်း ပြောကြားပြီး မေးခွန်းများ မေးမြန်းခဲ့သည်။

ယင်းနောက် ပါမောက္ခ(ဌာနမှူး)များက မြင်းခြံတက္ကသိုလ်မှ ဝိဇ္ဇာ/သိပ္ပံဘွဲ့(ဂုဏ်ထူးဘွဲ့)များ နှင့် ဝိဇ္ဇာ/သိပ္ပံဘွဲ့ ရရှိသူများအား ပါမောက္ခချုပ်ထံသို့ ဘွဲ့နှင်းသဘင် အခမ်းအနား လုပ်ထုံးလုပ်နည်း အစီအစဉ်များနှင့်အညီ ပို့ဆောင်ပေးပြီး မြင်းခြံတက္ကသိုလ် ပါမောက္ခချုပ်က ဘွဲ့များကို အသီးသီး အပ်နှင်းချီးမြှင့်ခဲ့သည်။

ထို့နောက် ပါမောက္ခချုပ်က ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားရာတွင် တက္ကသိုလ်ပညာရေး အဖွဲ့က သက်ဆိုင်ရာဘွဲ့များနဲ့ ထိုက်တန်တယ်လို့ ကြေညာပြီးဖြစ်တဲ့ ပုဂ္ဂိုလ်များကို ၎င်းတို့နဲ့ သက်ဆိုင်တဲ့ ဘွဲ့များ ခံယူနိုင်ကြစေဖို့ ကျင်းပတဲ့ ဘွဲ့နှင်းသဘင် အခမ်းအနားဖြစ်ကြောင်း၊ မြင်းခြံတက္ကသိုလ်အနေဖြင့် စတုတ္ထအကြိမ်အဖြစ် ဘွဲ့နှင်း သဘင် ကျင်းပရခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဘွဲ့နှင်းသဘင်အခမ်းအနားတွင် ဝိဇ္ဇာ/သိပ္ပံဘွဲ့ (ဂုဏ်ထူးဘွဲ့) များနှင့် ဝိဇ္ဇာ/သိပ္ပံဘွဲ့ တက်ရောက်ဘွဲ့ (၁၃၇၁) ဦး၊ အဝေးရောက်ဘွဲ့ (၁၆၈) ဦးတို့ကို ဘွဲ့အပ်နှင်းပေးခဲ့ကြောင်း သိရသည်။

ချစ်ဦးနွေ(မြင်းခြံ)