ကျောက်ဆည် ဇန်နဝါရီ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျေက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ မြို့နယ်အဆင့် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အ.ထ.က (၁) မှ ကျောင်းသား/ကျောင်းသူလေးများက “စုံညီပွဲတော်ဆင်နွှဲပျော်” သီချင်းဖြင့် အခမ်း အနားအား ဖွင့်လှစ်ခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်က ကျောင်းသား/ ကျောင်းသူများ၏ စွမ်းဆောင်မှုများကို ဂုဏ်ပြုသည့်အတွက် ပညာရေးစုံညီပွဲတော် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်ဖို့၊ ညီညွှတ်မျှတစွာ အရည်အသွေးရှိသည့် ပညာသင်ယူနိုင်ရေး၊ အစဉ်လေ့လာသင်ယူနိုင်သည့် အခွင့်အလမ်းများရရှိရေး၊ စိတ်ဓာတ်စည်းကမ်းကောင်းမွန်ပြီး နိုင်ငံနှင့်လူမျိုးကို တန်ဖိုးထားသည့် အလေ့အကျင့်ကောင်းများ တိုးပွားလာစေရန် ဆရာ/မိဘ၊ ရပ်မိ/ရပ်ဖ၊ ကျောင်းအကျိုးတော်ဆောင်များမှ ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်သွားကြရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီးအဆင့် ၂၀၂၅ ခုနှစ်၊ သန့်ရှင်း၍စိမ်းလန်းစိုပြေသောကျောင်းဆု၊ (၅၄) ကြိမ်မြောက် နိုင်ငံတကာလူငယ်များ ပေးစာရေးပြိုင်ပွဲဆု၊ ဗဟိုအဆင့် (၂၆)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကဗျာလွတ်ဆုများနှင့် မြို့နယ်အတွင်း ဘက်စုံဖွံ့ရေးပြိုင်ပွဲများ၌ ဆုရရှိခဲ့သော ထူးချွန်ကျောင်းသား/ကျောင်းသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထိုက်ထိုက်ဇော်၊ ခရိုင်ပညာရေးမှူး ဒေါက်တာဥမ္မာကြည်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြောင်းနှင့် ကျောင်း သား/ကျောင်းသူလေးများက “သွေးချင်းတို့ရဲ့မြေ”၊ “ဦးရွှေရိုးဒေါ်မိုး” သီချင်းများ၊ အကများဖြင့် သီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
သက်မောင် (ကျောက်ဆည်)