ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော်အခမ်းအနားကျင်းပ

ချမ်းမြသာစည် ဇန်နဝါရီ  ၅

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် မြို့နယ်အဆင့်ပညာရေးစုံညီပွဲတော် ဘက်စုံထူးချွန်ဆုပေးပွဲ အခမ်းအနားကို ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၈ နာရီခွဲက အမှတ် (၃၀) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အမှတ် (၇) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများက“သွေးချင်းတို့ရဲ့မြေ” သီချင်းဖြင့် အခမ်း အနားဖွင့်လှစ်ပေးခဲ့ပြီး မြို့နယ်ပညာရေးမှူး တာဝန်ခံ ဆရာမကြီး ဒေါ်ခင်စန်းလှိုင်က ပညာရေးစုံညီပွဲတော်ကျင်းပရခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးအဆင့်၊ မြို့နယ်အဆင့် အင်္ဂလိပ်စာ၊ သင်္ချာစွမ်းရည်ပြိုင်ပွဲ ဆုရရှိသူများ၊ မြို့နယ်အဆင့်လူရည်ချွန်ဆုရရှိ ကျောင်းသား ကျောင်းသူများ၊ ပညာတန်ဆောင်စာပေပြိုင်ပွဲ မူလတန်းထက်ဆင့် ရုပ်ပုံကားချပ်ကြည့် စာစီစာကုံးပြိုင်ပွဲဆုရရှိသူများ၊ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ဆုရရှိသူများ၊ ၂၀၂၅ ခုနှစ်၊ နိုင်ငံတကာပေးစာရေးပြိုင်ပွဲ ဆုရရှိသူများ၊ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အထက်တန်း/အလယ်တန်းအဆင့် စာစီစာကုံး၊ ကဗျာရွတ်ပြိုင်ပွဲ ဆုရရှိသူများ၊ ၂၀၂၅ ခုနှစ်၊ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် မူလတန်း/ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများနှင့် ခရိုင်အဆင့် ဘောလုံး၊ ဘောလီဘော၊ ဘတ်စကတ်ဘော၊ မီတာ ၅၀၀၀၊ မီတာ ၅၀၀၊ မီတာ ၁၀၀ အားကစားထူးချွန် ဆုရရှိ‌သောကျောင်းသား ကျောင်းသူများကို မြို့နယ်ပညာရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူးနှင့် ကျောင်းအကျိုးတော်ဆောင်များ တာဝန်ရှိဆရာ/ဆရာမကြီးများက ဆုများအသီးသီး ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာရေးစုံညီပွဲတော် ဘက်စုံထူးချွန်ဆု ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားသို့ မြို့နယ်ပညာရေးမှူး တာဝန်ခံဆရာမကြီး ဒေါ်ခင်စန်းလှိုင်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းမင်းနှင့် ဦးရေခဲ၊ ကျောင်းအုပ်ဆရာ/ဆရာမကြီးများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ  ဆရာ/ဆရာမကြီးများ၊ မိဘအုပ်ထိန်းသူများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

အလင်းသစ် (ချမ်း/စည် ပြန်/ဆက်)