ပုလောမြို့နယ်၌ မြို့နယ်ပညာရေးစုံညီပွဲတော် ကျင်းပ

ပုလော ဇန်နဝါရီ   ၅

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌ မြို့နယ်ပညာရေးစုံညီပွဲတော်ကို ဇန်နဝါရီလ ၃ ရက်နေ့ နံနက် ၉ နာရီက ပုလောမြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ Grade-9 ကျောင်းသား၊ ကျောင်းသူများက စုံညီပွဲတော်တူနွဲပျော် တေးသီချင်းအခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားတွင် ပုလောမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးက ပညာရေးစုံညီပွဲတော်ကို နှစ်စဉ် ဆရာ၊ မိဘ၊ ကျောင်း သားများ ပူးပေါင်း၍ နှစ်စဉ်ကျင်းပပြုလုပ်လျက်ရှိကြောင်း၊ ပညာရေးစုံညီပွဲတော်တွင် စာပေစွမ်းရည်၊ အနုပညာစွမ်းရည်၊ အားကစားစွမ်းရည်၊ လူမှုရေးစွမ်းရည် စတဲ့ကလေးများ၏ မူညီတဲ့စွမ်းရည်များကို အသိအမှတ်ပြုဂုဏ်ပြုချီးမြှင့်တဲ့ပွဲဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် လူရည်ချွန်ဆုရရှိသူများ၊ မြို့နယ်အဆင့်အင်္ဂလိပ်စာနှင့်သင်္ချာဘာသာရပ် ထူးချွန်ဆုရရှိသူများကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်းနှင့် အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများက သာရီဒေသ ထားဝယ်ယန်းအက၊ သဘင်သည်မလေးနှင်းဆီ၊ ရိုးရိုးလေးကျေးတောသူ၊ ဖူးပွင့်ဝေစီအနာဂတ်ဆီ၊ တို့ကျောင်းတော် တေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြရာ တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)